Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဒီဇင်ဘာ ၅ ရက်) ညနေခင်းသတင်းတွေကို People’s Springက တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ကုလမှာ မြန်မာကိုယ်စားပြုခွင့်နေရာဆုံးဖြတ်ချက် ရုရှားကြောင့် ကြန့်ကြာနေ

မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး နိုင်ငံတကာသဘောတူညီမှု ရရှိဖို့ ကြိုးပမ်းမှုတွေကို အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်တဲ့ ရုရှားက ဖျက်ဆီးမှာကို စိုးရိမ်တာကြောင့် မြန်မာကိုယ်စားပြုခွင့်နဲ့ပတ်သက်လို့ ကုလသမဂ္ဂက အချိန်ဆွဲထားကြောင်း Al Jazeera သတင်းဌာနက ဖော်ပြပါတယ်။ လက်ရှိ မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်တဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီ(UN Credentials Committee)က နောက်ထပ်တစ်နှစ်သက်တမ်းတိုးထားရှိဖို့ မူလက သဘောတူထားပြီးဖြစ်တယ်လို့ အဲဒီလုပ်ငန်းစဥ်မှာ ပါဝင်တဲ့ အနောက်နိုင်ငံသံတမန်တစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ ကော်မတီအဖွဲ့ဝင်နိုင်ငံတွေက ရုရှားကိုပဲ စိုးရိမ်နေတယ်လို့ ဆိုပါတယ်။ တရုတ်၊ အမေရိကန်၊ ရုရှားအပါအဝင် အဖွဲ့ဝင် ၉ နိုင်ငံ ပါဝင်တဲ့ အရည်အချင်းစစ်ကော်မတီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်ကစလို့ ဆွေးနွေးမှုတွေ စတင်ခဲ့ပြီး မကြာခင်သီတင်းပတ်တွေမှာ ကော်မတီရဲ့ လေ့လာတွေ့ရှိချက်တွေကို ကုလသမဂ္ဂအထွေထွေညီလာခံထံ အစီရင်ခံမှာဖြစ်ပါတယ်။

▪️KBC ခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို ပြည်ပထွက်ခွာခွင့် စစ်ကောင်စီ ပိတ်ပင်

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က မန္တလေးလေဆိပ်မှာ ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ KBC ဓမ္မဆရာတစ်ဦးက အတည်ပြုပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီက ဒေါက်တာခလမ်ဆမ်ဆွန်နဲ့အဖွဲ့ကို မန္တလေးလေဆိပ်မှာ ဖမ်းဆီးစစ်ဆေးခဲ့ပြီး ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။ ပိတ်ပင်ခံရတဲ့အကြောင်းကို မသိရသေးဘဲ မန္တလေးလေဆိပ်မှ မြစ်ကြီးနားလေဆိပ်သို့ ပြန်ပို့ခဲ့တယ်လို့ KBC ဓမ္မဆရာတစ်ဦးက ပြောပါတယ်။ ဒေါက်တာခလမ်ဆမ်ဆွန် ဖမ်းဆီး ထိန်းသိမ်းခံရလို့ စိတ်ပူပင်ခဲ့ကြပြီး ပြန်လွတ်လာသဖြင့် ဝမ်းသာရတယ်လို့ ဆိုပါတယ်။ ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ကချင်လူထုအပေါ် သြဇာရှိသူတစ်ဦး ဖြစ်ပါတယ်။

KBCခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်
KBCခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်

▪️ခရမ်းမြို့နယ်မှ CDMကျောင်းဆရာတစ်ဦးကို စစ်ကောင်စီက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၁၀)နှစ် မတရားချမှတ်

ရန်ကုန်တိုင်း ခရမ်းမြို့နယ်မှ CDMကျောင်းဆရာတစ်ဦးကို မတရားပုဒ်မတပ်ကာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀)နှစ်ချမှတ်တဲ့ အပေါ်ကန့်ကွက်တယ်လို့ မြို့နယ်အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မတရားပုဒ်မတပ်ကာ ပြစ်ဒဏ်ချခံရတဲ့ ဦးထက်မြတ်အောင်ဟာ ခရမ်းမြို့နယ် အ.ထ.က (ခွဲ)ကံကောင်းဟောင်းမှာ မူလတန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်အာဏာသိမ်းမှုနောက်ပိုင်း CDMလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဦးထက်မြတ်အောင်ကို ဖေဖော်ဝါရီ ၂၃ ရက်မှာ နေအိမ်သို့ဝင်ရောက်ကာ မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပြစ်မှူကျူးလွန်ထားခြင်းမရှိဘဲ မတရားစွပ်စွဲချက်တွေနဲ့ အမှုဆင်ကာ ဒီဇင်ဘာ ၂ ရက်က ပြစ်ဒဏ်ချမှတ်ခဲ့တာလို့ ခရမ်းမြို့နယ်အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

▪️စစ်တပ် တပ်စွဲထား​တဲ့​နေရာတွေကိုပြန်လည်သိမ်းပိုက်ဖို့ ကရင်နီ​တပ်များ ၆ ရက်ဆက် တိုက်ခိုက်

ကရင်နီပြည် လွိုင်ကော်မြို့နယ်မှာ စစ်​ကောင်စီတပ် တပ်စွဲထား​တဲ့ ​နေရာတွေကိုပြန်လည်သိမ်းပိုက်ဖို့ ​ကရင်နီ​တော်လှန်​ရေးတပ်များက ၆ ရက်ဆက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးထိခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း (၂ )က မနေ့က ထုတ်ပြန်ပါတယ်။ ထိတွေ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ် အထိနာခဲ့ပြီး အရပ်သားပြည်သူအချို့ကို သတ်ဖြတ်ခြင်း၊ လေကြောင်းပစ်ကူအသုံးပြုခြင်းများရှိခဲ့တယ်လို့ ဆိုပါတယ်။ ကရင်နီတပ်ပေါင်းစုဘက်မှာလည်း ရဲဘော် ၆ ဦး မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့တယ်လို သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြရတယ်လို့ အသိပေးထားပါတယ်။

(ကရင်နီပူး​ပေါင်းတပ်များသိမ်းဆည်းရရှိ​သော စစ်တပ်အသုံးအ​ဆောင်ပစ္စည်းအချို့နှင့် ကရင်နီ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KNDF-B2)
(ကရင်နီပူး​ပေါင်းတပ်များသိမ်းဆည်းရရှိ​သော စစ်တပ်အသုံးအ​ဆောင်ပစ္စည်းအချို့နှင့် ကရင်နီ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KNDF-B2)

▪️မန္တလေးမှာ တစ်ညတည်း စတိုးဆိုင် နှစ်ဆိုင် ဆက်တိုက်ဓားပြတိုက်ခံရ

ဓားပြတိုက်မှု ၊လုယက်မှုတွေ မကြာခဏဆိုသလိုဖြစ်ပွားနေတဲ့ မန္တလေးမြို့မှာ မနေ့ ညပိုင်းပိုင်းက စတိုးဆိုင် နှစ်ဆိုင် ဓားပြတိုက်ခံလိုက်ရပါတယ်။ ချမ်းမြသာစည်မြို့နယ်ထဲက စတိုးဆိုင် နှစ်ဆိုင်ကို အမျိုးသားနှစ်ဦးက ဆက်တိုက် ဓားပြတိုက်သွားတာပါ။ ဓားပြတိုက်ခံရတဲ့ ဆိုင်တွေဟာ မနော်ဟရီ ၁၁၀ လမ်းပေါ်က ဆိုင်နဲ့ ၁၀၅လမ်းက ဆိုင်တို့ဖြစ်ပြီး CCTV မှတ်တမ်းတွေလည်းထွက်လာပါတယ်။ အဲဒီ CCTV မှတ်တမ်းတွေအရ ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားပြီး နှာခေါင်းစည်းတပ်ထားတဲ့အမျိုးသားနှစ်ဦးဟာ ပစ္စတိုသေနတ်ပြပြီး ဓားပြတိုက်သွားတာတွေ့ရပါတယ်။

▪️ဒီပဲယင်းမှာ မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ညောင်လှကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာများရရှိသွားတယ်လို့ Alpha – 7အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မနေ့က ဒီပဲယင်းမြို့ စခန်းမှ စစ်ကောင်စီတပ်သားတွေဟာ ညောင်လှကျေးရွာကို မီးရှို့ဖျက်စီးပြီး နများရွာနဲ့ ယဥ်ကျေးကျေးရွာတွေကို ဆက်လက်ထိုးစစ်ဆင်လာခဲ့ပါတယ်။ အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ယဥ်ကျေးရွာမှာ မီးရှို့ဖျက်ဆီးနေစဥ် မွန်းတည့် ၁၂နာရီခန့်မှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာလို့ Alpha – 7အဖွဲ့က အသိပေးပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး ပိတ်မိနေတဲ့ ပြည်သူတွေရှိလို့ စစ်ဆင်ရေးကိုရပ်နားခဲ့တယ်လို့ ဆိုပါတယ်။

▪️စစ်ကိုင်းနဲ့ မတ္တရာမှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ခဲယမ်းအချို့သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်နဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို အလစ်ဝင်တိုက်ခိုက်ရာ စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ကောင်းကင်တော်လှန်ရေး အင်အားစုက သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၂ ရက် မနက်ပိုင်းက စစ်ကိုင်းတပ်မ(၃၃)မှ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကိုင်းမြို့နယ်နဲ့ မတ္တရာမြို့နယ်ဘက်ခြမ်း ကျေးရွာတွေကို အင်အား(၁၀၀)ကျော်နဲ့ စစ်ကြောင်းထိုးကာ မွှေနှောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပါတယ်။ အဲဒီစစ်ကြောင်းကို ဒီဇင်ဘာ ၃ ရက်က တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးမှုများရှိခဲ့ပြီး ကျည်ခဲယမ်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

သိမ်းဆည်းရမိသော စစ်ကောင်စီ၏ ခဲယမ်းအချို့နှင့် ခြင်းကျားတစ်လုံးအား တွေ့ရစဥ်၊ ဓာတ်ပုံ-ကောင်းကင်တော်လှန်ရေးအင်အားစု
သိမ်းဆည်းရမိသော စစ်ကောင်စီ၏ ခဲယမ်းအချို့နှင့် ခြင်းကျားတစ်လုံးအား တွေ့ရစဥ်၊ ဓာတ်ပုံ-ကောင်းကင်တော်လှန်ရေးအင်အားစု

▪️ခင်ဦးမှာ စစ်ဘေးရှောင်နဲ့ မီးဘေးသင့်ပြည်သူများ အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုများကြောင့် ကျေးရွာအများအပြား အကူအညီများလိုအပ်နေပြီး စစ်ဘေးရှောင်နဲ့ မီးဘေးသင့်ပြည်သူများအတွက် လက်တလော ထမင်းထုပ်နဲ့ ဆန်အိတ်များ ပို့ဆောင်ပေးထားတယ်လို့ ခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု(KURDAF)အဖွဲ့ တာဝန်ခံက ပြောပါတယ်။ နိုဝင်ဘာ၂၃ ရက် နောက်ပိုင်း ခင်ဦးနယ်အနောက်ခြမ်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့ ကျေးရွာတွေကို နိုဝင်ဘာ၂၄ မှ ၂၇ ရက်အထိ ထမင်းထုပ်ပေါင်း (၁၈၃၉) ထုပ်နဲ့ ဆန်အိတ်သုံးပိုင်းလှူဒါန်းခဲ့တယ်လို ဆိုပါတယ်။ နောက်ပြီး နိုဝင်ဘာ၂၅ ရက်က ဆိုင်တန်းများ မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူသုံးဦး သတ်ဖြတ်ခံခဲ့ရတဲ့ မြင်းဒေါင်းကျေးရွာရှိ ပြည်သူများအတွက် ကျပ်ငါးသိန်းခွဲတန်ဖိုးရှိ ဆန်အိတ်ပိုင်း (၁၀)ပိုင်းလှူဒါန်းပေးထားတယ်လို့ KURDAFအဖွဲ့ တာဝန်ခံက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒီနေ့ (မတ်လ ၂၂ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring ကတင်ဆက်ပေးပါမယ်။