Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့(ဒီဇင်ဘာ ၇ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ဒီမိုကရေစီကို ခုခံကာကွယ်ဖို့ လူငယ်တွေနဲ့ မြန်မာပြည်သူတွေ အသင့်ဖြစ်နေတာကို ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ယူ

ဒီမိုကရေစီရဲ့လွတ်လပ်မှု ခဏတာခံစားခွင့်ရခဲ့ပေမယ့် ဒီမိုကရေစီအခွင့်အရေးကို ခုခံကာကွယ်ဖို့ မြန်မာပြည်သူတွေ အဆင့်သင့်ဖြစ်နေတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ယူနေတယ်လို့ ထောင်ကနေ လွတ်လာတဲ့ ရှောင်တာနယ်လ်က ပြောပါတယ်။ ပါမောက္ခရှောင်တာနယ်လ်ဟာ လွန်ခဲ့တဲ့ သီတင်း ၈ ပတ်ခန့်က ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်ဆုံးတွေ့ခဲ့ရပြီး အဲဒီလိုတွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စကားလက်ဆောင်ပါးလိုက်တယ်လို့ ဆိုပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ဟာ ရှောင်တာနယ်လ်ကို မြန်မာပြည်အကြောင်း အဖြစ်မှန်တွေ ပြောပြဖို့ တောင်းဆိုခဲ့ပါတယ်။ စစ်ကောင်စီဟာ နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီး အကျဥ်းချကာ နှုတ်ပိတ်ထားပေမယ့် သြစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနယ်လ်ကတော့ ပြောဆိုနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ရှောင်တာနယ်လ်ကတဆင့် ဒေါ်အောင်ဆန်းစုကြည်သတင်းစကားပါး
ရှောင်တာနယ်လ်ကတဆင့် ဒေါ်အောင်ဆန်းစုကြည်သတင်းစကားပါး

▪︎ဒေါက်တာခလမ်ဆမ်ဆွန်ဖမ်းဆီးမှု ကချင်တစ်မျိုးသားလုံးအား စော်ကားခြင်း၊ စစ်ကြေညာခြင်းဖြစ်ဟု WKCထုတ်ပြန်

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ခေါင်းဆောင် သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ခြင်းမှာ ကချင်တစ်မျိုးသားလုံးကို အလွန်အကျူး ရန်စစော်ကားလိုက်ခြင်းသာမက ထပ်မံစစ်ကြေညာလိုက်ခြင်းပင်ဖြစ်တယ်လို့ ကမ္ဘာ့ကချင်ကွန်ဂရက်(WKC)က ထုတ်ပြန်ပါတယ်။ အမှန်တရားဘက်မှ မကြောက်မရွံ့ ရဲရဲဝံ့ဝံ့ရပ်တည်တဲ့ ကချင်တစ်မျိုးသားလုံးရဲ့ ရှေ့ဆောင်လမ်းပြဆရာကြီး ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်စစ်ကောင်စီက အကြောင်းပြချက်မရှိ အပြစ်မဲ့ဖမ်းဆီးခြင်းနဲ့ ပတ်သက်လို့ ကချင်တစ်မျိုးသားလုံး လွန်စွာဒေါသဖြစ်ရပြီး ပြင်းထန်စွာ ကန့်ကွက်ရှုံချတယ်လို့ဖော်ပြပါတယ်။ တဆက်တည်းမှာ ဒေါက်တာခလမ်ဆမ်ဆွန်ကို ခြွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးရမယ်လို့ ထုတ်ပြန်ပါတယ်။ အခုလို ဖမ်းဆီးတဲ့လုပ်ရပ်ဟာ ပိုမိုရှုပ်ထွေးတဲ့ လူမျိုးရေးနဲ့ ဘာသာရေးစစ်ပွဲသို့ ဦးတည်စေဖို့ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်တယ်လို့လည်း WKC က ဆိုပါတယ်။

▪︎ဖားကန့်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး​နောက် စစ်​ဘေး​ရှောင်၂၁ ဦးကို စစ်တပ် ဖမ်းဆီးသွား

ကချင်ပြည်နယ်၊ ဖားကန့်မှာ မနေ့ညကနေ ဒီနေ့ မနက်အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး မှော်ပုံကျေးရွာ ဘုန်းကြီးကျောင်းမှ စစ်ဘေးရှောင် ၂၁ ဦးကို စစ်​ကောင်စီတပ်က ဖမ်းဆီးပြီးနောက်ဆုတ်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ညက တိုက်ပွဲမှာ စစ်ကောင်စီဟာ လက်နက်ကြီး အလုံး ၈၀ ထက်မနည်း ပစ်ခတ်ခဲ့ပြီး ဖားကန့်မှာ ဖုန်းလိုင်းကိုလည်း ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ထိခိုက်မှုအခြေအနေကို အသေးစိတ်မသိရသေးပါဘူး။ မနေ့က မြေပြင် တိုက်ပွဲပုံစံဟာ ပြည်သူများရှိနေတဲ့ ရွာကို ဝိုင်းထားတဲ့ စစ်ကောင်စီတပ်ကို KIA ၊ PDF ပူးပေါင်းအဖွဲ့ကထပ်ဝိုင်းကာ တိုက်ခိုက်တာဖြစ်တယ်လို့ သိရပါတယ်။ မြေပြင်မှာ အထိနာတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးအများအပြား အသုံးပြုခဲ့တာလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

(ယမန်​နေ့ညတိုက်ပွဲတွင် စစ်​ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်​​​စဥ်။ ။ဓါတ်ပုံ-CJ)
(ယမန်​နေ့ညတိုက်ပွဲတွင် စစ်​ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်​​​စဥ်။ ။ဓါတ်ပုံ-CJ)

▪︎နွားထိုးကြီးမှာ NLD ပါတီဝင် ၄ ဦးအပါအဝင် ဒေသခံ၆ ဦးဖမ်းခံရပြီး ညတွင်းချင်းသတ်ခံရ

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ထဲက ဒေသခံ ၆ ဦးဟာ မနေ့ကညပိုင်းက ဖမ်းဆီးခံရပြီး ညတွင်းချင်းသတ်ခံရကာ အလောင်းစွန့်ပစ်သွားတယ်လို့မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးပါတယ်။ ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာ နွားထိုးကြီးမြို့နယ် မင်းရွာက အမျိုးသား ၆ ဦးဖြစ်ပြီး အဲဒီအထဲမှာ NLD ပါတီဝင် ၄ ဦးပါတယ်လို့သိရပါတယ်။ တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီရဲ့ ထုတ်ပြန်ချက်အရ သတ်ဖြတ်ခံရသူတွေဟာ ဦးကျော်ဆောင် ၆၃ နှစ် ၊ ဦးခင်မောင်စိန် ၆၃ နှစ်၊ ကိုမင်းဇော်၊ ကိုဟန်တင် ၄၂ နှစ် ၊ ကိုစိုးပိုင် ၃၇ နှစ် ၊ မောင်အောင်ကိုမင်း ၁၇ နှစ် တို့ဖြစ်ပါတယ်။ မနေ့ကညပိုင်း ၉ နာရီခွဲခန့်မှာ မြင်းခြံမြို့ပေါ်က စစ်တပ်ထောက်ခံသူ ဒေါ်သီတာယုမွန်ဦးဆောင်တဲ့ ပျုစောထီးအဖွဲ့ဟာ မင်းရွာကို ကား နှစ်စီးနဲ့ ရောက်လာပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့လည်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီက ဆိုထားပါတယ်။ သတ်ဖြတ်ပြီးနောက် မင်းရွာနဲ့ ကူကုန်းရွာ ဇရပ်အနီးမှာအလောင်းတွေကိုစွန့်ပစ်သွားတယ်လို့သိရပါတယ်။

▪︎ရွာမီးရှို့ဖျက်ဆီးလာတဲ့ စစ်ကောင်စီတပ်ကိုPDF​တွေ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ရွှေဘုံသာကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ Myaung Union Armyအဖွဲ့မှ ကိုတိုက်ဂါးက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ကျောက်ရစ်စခန်းမှ စစ်ကောင်စီတပ်ဟာ ရွှေဘုံသာကျေးရွာကို ဝင်ရောက်လာပြီး နေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ရာ နွားများလည်း မီးလောင်သေဆုံးခဲ့တယ် ဒေသခံတွေက ပြောပါတယ်။ အဲဒီလို မီးရှို့ဖျက်ဆီးပြီးနောက် စစ်ကောင်စီတပ်သားများ ရွှေဘုံသာကျေးရွာမှအပြန် ကျောက်ရစ်စခန်း မရောက်မီ လမ်းတစ်နေရာမှာ နယ်ခံ PDF တွေနဲ့ 11BRF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး ဒဏ်ရာရသူအချို့ရှိခဲ့တယ်လို့ ကိုတိုက်ဂါးက ပြောပါတယ်။ စစ်ကောင်စီတပ်မီးရှို့သွားတဲ့ မီးလောင်အိမ်တွေကို ပြည်သူတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက မီးငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

ရွှေဘုံသာရွာရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသည့်နေအိမ်များအား PDF ရဲဘော်များက မီးငြှိမ်းသတ်ပေးနေစဉ်၊ ဓာတ်ပုံ-ကိုတိုက်ဂါး(MUA)
ရွှေဘုံသာရွာရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသည့်နေအိမ်များအား PDF ရဲဘော်များက မီးငြှိမ်းသတ်ပေးနေစဉ်၊ ဓာတ်ပုံ-ကိုတိုက်ဂါး(MUA)

▪︎မတ္တရာမှာ စစ်ကောင်စီယာဥ်တစ်စီးမိုင်းဆွဲခံရပြီးစစ်အုပ်စုထိခိုက်သေဆုံးမှုရှိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့လိုက်ပါလာတဲ့ ကားကြီးတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်​ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိတယ်လို့ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ ညနေပိုင်းက မတ္တရာမြို့နယ် တောင်ခေါင်းကျေးရွာနဲ့ ဇီးဖြူပင်ကျေးရွာကြားရှိ ဒေါ်ဝချောင်ဘုန်းကြီးကျောင်း အကျော်မှာ စစ်ကောင်စီတပ်မှ ကားကြီး တစ်စီးကို နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့က ရွေ့လျားမိုင်း၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာအများအပြားရရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြည်သူရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရပါတယ်။

▪︎ဒဂုံတက္ကသိုလ်ကျောင်းသားများ သေဒဏ်ချခံရမှုအပေါ် ချင်းမိုင်တက္ကသိုလ်ကျောင်းသားများ ကန့်ကွက်ဆန္ဒပြ

အကြမ်းဖက်စစ်ကောင်စီက ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို သေဒဏ်ချမှတ်တဲ့ အပေါ် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှ မြန်မာနဲ့ ထိုင်းကျောင်းသားလူငယ်များ ပူးပေါင်းကာ ကန့်ကွက်တဲ့ ဆန္ဒပြလှုပ်ရှားမှုကို မနေ့ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ကန့်ကွက်ဆန္ဒပြလှုပ်ရှားမှုကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Three Kings Monument ရင်ပြင်မှာ ပြုလုပ်ခဲ့တာပါ။ ကျောင်းသားလူငယ်များက “သေဒဏ်ပေးမှု ချက်ချင်းရပ်” ၊ “Stop Executive Our Friends” ၊ “လုံးဝအုပ်ချုပ်ခွင့် မရစေရ” စတဲ့ စာသားတွေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

You May Also Like