စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း ၊ ဖမ်းဆီးသတ်ဖြတ်ခြင်း ၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းတို့ကြောင့် အရပ်သားပြည်သူ ၈၁ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့က ယနေ့ ထုတ်ပြန်သည်။
စစ်ကောင်စီတပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ယခုနှစ်နိုဝင်ဘာလအထိ စုဆောင်းထားသည့် အချက်အလက်များ ဖြစ်ပြီး မသိရသေးသည့်အချက်အလက်များ ကျန်ရှိနိုင်သည်ဟုလည်း ဖော်ပြသည်။




အဆိုပါ အသက်ဆုံးရှုံးခဲ့သည့် အရပ်သား ၈၁ဦးအနက် ၆၂ဦးသည် ကန့်ဘလူနယ်မှ ဖြစ်ပြီး ၁၉ဦးသည် ကျွန်းလှမြို့နယ်မှ ဖြစ်သည်ဟု ဖော်ပြသည်။

ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်သည့် သေဆုံးမှုပုံစံပြ စာရင်းများအရ ကန့်ဘလူနယ်မှ သေဆုံးခဲ့သည့် အရပ်သားများအနက် စစ်ကြောရေး၌ သေဆုံးသူ လေးဦး၊ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၂၁ဦး၊ မီးရှို့သတ်ဖြတ်ခံရသူ လေးဦး၊ ရဲစခန်း၌ သေဆုံးသူ ခြောက်ဦး၊ လက်နက်ကြီး ထိမှတ်သေဆုံးသူ သုံးဦး၊ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရသူ နှစ်ဦး၊ အရှင်လတ်လတ် မီးရှို့ သတ်ခံရသူ သုံးဦး စုံစမ်းဆဲ ၁၈ဦး၊ စိတ်ကျန်းမာရေးမကောင်းသူ တစ်ဦးတို့ ပါဝင်သည်ဟုဆိုသည်။

Public Service Announcement
သေဆုံးသူ ၆၂ဦးအနက် အမျိုးသမီး ၆ဦး ပါဝင်ကြောင်း ဖော်ပြထားသည်။
ကျွန်းလှနယ်တွင်လည်း အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူ ၇ဦး၊ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရသူ လေးဦး၊ မီးရှို့သတ်ခံရသူ သုံးဦး၊ ပေါက်ပြားဖြင့် ခုတ်သတ်ခံရသူ နှစ်ဦး၊ ပျူစောထီးများ ဖမ်းဆီးသတ်ဖြတ်ခဲ့သူ နှစ်ဦး၊ နှလုံးရပ်သေဆုံးသူ တစ်ဦးတို့ ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
