Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူ့တော်လှန်ရေးကြီး အောင်ပွဲခံသည်အထိ တော်လှန်ရေးအင်အားစုများအားလုံး သွေးစည်းညီညွတ်စွာ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပူးတွဲကြေညာ

၂၀၂၃ တွင် စစ်ကောင်စီက ကျင်းပမည်ဆိုသော ရွေးကောက်ပွဲနှင့်ပတ်သက်၍ အထက်ပါ တော်လှန်ရေးအင်အားစုအားလုံးက ပြတ်သားစွာ ဆန့်ကျင်ကြောင်း ကြေညာသည်။

ပြည်သူ့တော်လှန်ရေးကြီး အောင်ပွဲခံသည်အထိ တော်လှန်ရေးအင်အားစုများအားလုံး သွေးစည်းညီညွတ်စွာ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပူးတွဲကြေညာ
ပြည်သူ့တော်လှန်ရေးကြီး အောင်ပွဲခံသည်အထိ တော်လှန်ရေးအင်အားစုများအားလုံး သွေးစည်းညီညွတ်စွာ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပူးတွဲကြေညာ

စစ်အာဏာရှင်စနစ် အမြစ်ပြတ်၍ ပြည်သူ့တော်လှန်ရေးကြီး အောင်ပွဲခံသည်အထိ တော်လှန်ရေးအင်အားစုများအားလုံး၏ သွေးစည်းညီညွတ်မှုအားဖြင့် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပြီး စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖော်ဆောင်နိုင်မှသာ စစ်မက်ကင်းစင်ချုပ်ငြိမ်း၍ ငြိမ်းချမ်း သာယာသော၊ နိုင်ငံရေး တည်ငြိမ်မှုရှိသော၊ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် သဟဇာတဖြစ်၍ အပြန်အလှန်အထောက်အကူပြုနိုင်သော၊ ရေရှည်ဖွံ့ဖြိုး တိုးတက်သောပြည်ထောင်စုကို တည်ဆောက်နိုင်လိမ့်မည်ဟု တော်လှန်ရေးအင်အားစုများက ယုံကြည်ကြောင်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

“အဓိကကတော့ ပြည်သူတွေအနေနဲ့ အခု ဒီနှစ်သစ်မှာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေက ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ လုပ်ဆောင်နေတယ်ဆိုတာ ထုတ်ဖော်ပြသတာဖြစ်တယ်။ နောက်တစ်ခုက စစ်အာဏာရှင်စနစ်ကို အမြန်ဆုံးကျဆုံးအောင်လုပ်ပြီး အသွင်ကူးပြောင်းရေးကာလမှာ ကျွန်တော်တို့ရဲ့ လမ်းညွှန်မြေပုံ ဖက်ဒရယ်ဒီမိုကရေစီချာတာအရ လျှောက်လှမ်းသွားမယ်ဆိုတဲ့ သတင်းစကားက နိုင်ငံရေးအနှစ်သာရပေါ့” ဟု အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက မှတ်ချက်ပြုသည်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Charter)သည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တွင် ပါဝင်သော တော်လှန်ရေးအင်အားစုများ၏ ဘုံနိုင်ငံရေးသဘောတူညီချက် ဖြစ်ပြီး ယင်းပဋိညာဉ်ပါ မျှော်ရည်ချက်နှင့် စံတန်ဖိုးများကို အလေးအနက်ခံယူလျက် အားလုံး သဘောတူ ချမှတ်ထားသော “နိုင်ငံရေးလမ်းပြမြေပုံ”ကို NUCC နှင့် NUG တွင် ပါဝင်သော တော်လှန်ရေးအင်အားစုများက စု‌ပေါင်း ခေါင်းဆောင်မှု၊ စုပေါင်းတာဝန်ယူမှု၊ ခိုင်မာသော ကတိကဝတ်ပြုမှုများဖြင့် တညီတညွတ်တည်း လက်တွဲပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန် သန္နိဋ္ဌာန်ချမှတ်ထားပြီးဖြစ်သည်ဟု ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီးနောက် တော်လှန်ရေးအင်အားစုများ မျှော်ရည်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုသည် မည်သည့် မဟာလူမျိုးကြီးဝါဒကိုမဆို ဆန့်ကျင်တိုက်ဖျက်ပြီး တိုင်းရင်းသားလူမျိုးများ၊ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝအာမခံမည်ဖြစ်လျက် နိုင်ငံသား ရပိုင်ခွင့် များ၊ လူသားရပိုင်ခွင့်များ၊ လူနည်းစုအခွင့်အရေး များကို အကာအကွယ်ပေးသည့် ဒီမိုကရေစီစံနှုန်းများနှင့်အညီ ဖော်ဆောင်ကျင့်သုံးသွားမည်ဟု ဆက်လက်ဖော်ပြသည်။

ထို့အပြင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်တွင် နိုင်ငံရေးနယ်ပယ်၌ ပါဝင်ပတ်သက်မှု လုံးဝကင်းရှင်းပြီး နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်ကိုသာ ထမ်းရွက်သော၊ အရပ်သားအစိုးရ၏ ကွပ်ကဲမှု (Civilian Supremacy) ကို လိုက်နာခံယူသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ကိုယ်စားပြုပါဝင်သော “ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်” ကို တည်ထောင်ရန်လည်း ခိုင်မာစွာ စိတ်ပိုင်းဖြတ်ပြီး ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်အာဏာသိမ်းမှုကို အောင်မြင်စွာဖယ်ရှားပြီးသည့်နောက် အသွင်ကူးပြောင်းရေး ကာလသို့ ရောက်ရှိချိန်တွင် ချမှတ်ထားသောလမ်းပြမြေပုံအရ ယခုရရှိထားပြီးဖြစ်သော အမျိုးသားညီညွတ်ရေး ကို ဆက်လက်ထိန်းသိမ်း၊ အရှိန်မြှင့်တင်လျက် ၂၀၂၀ ရွေးကောက်ပွဲမှ ရရှိသော လူထုထောက်ခံမှုအရ တရားဝင်မှု (De Jure Legitimacy) ကို ကိုယ်စားပြုသော နိုင်ငံရေးအင်အားစုများနှင့် ရွေးကောက်ပွဲ မဟုတ်သော အခြားနည်းလမ်းများဖြင့်ရရှိသော လူထုထောက်ခံမှုအရ တရားဝင်မှု (De Facto Legitimacy) ကို ကိုယ်စားပြုသော နိုင်ငံရေး အင်အားစုများ၏ စုစည်းပူးပေါင်းဆောင်ရွက်မှုဖြင့် အသွင်ကူးပြောင်းရေးကာလ အစီအမံအရ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာများကို စနစ်တကျ ခွဲဝေ ကျင့်သုံး ဆောင်ရွက်သွားမည်ဟု အသိပေးသည်။

ယင်းနောက် မြန်မာနိုင်ငံတွင် အာဏာရှင်အဆက်ဆက်က တိုင်းရင်းသား ပြည်သူ လူထုအပေါ် ကျုးလွန်ချိုးဖောက်ခဲ့သည့် မတရားမှုများ၊ လူ့အခွင့်အရေး ချိုးဖောက် မှုများ၊ နိုင်ငံတကာရာဇဝတ်မှု များအတွက် အမှန်တရားပေါ်ပေါက်ရန်၊ တရားမျှတမှုရရှိရန်၊ ကျူးလွန် သူများက မိမိကျုးလွန်မှုများ အတွက်တာဝန်ခံမှုရှိရန်နှင့် နောက်ထပ်အလားတူကိစ္စရပ်များ ထပ်မံ မကြုံတွေ့ရေးအတွက် ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဥ်များ ချမှတ်အကောင်အထည် ဖော်ရန် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice) ကို ဖြည့်ဆည်း ဆောင်ရွက်သွားမည်ဟု ပူးတွဲကြေညာသည်။

“ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ နှစ်ပေါင်းများစွာရှိနေတဲ့ နိုင်ငံရေးပြဿနာက စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် မတွန်းလှန်နိုင်မချင်း ပြီးမှာမဟုတ်ဘူး။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မတည်ဆောက်နိုင်မချင်း ပြီးမှာမဟုတ်ဘူး။ အခု ကျွန်တော်တို့ အဲဒီအတွက် ရည်ရွယ်ပြီးသွားနေတယ်။ တိုင်းရင်းသားတွေ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရှိဖို့လိုတယ်။ နို့မို့ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ ပြဿနာက ဆေးမြီတိုနဲ့ကုသလိုပဲ အမြစ်ပြတ်မှာမဟုတ်ဘူး” ဟု NUCC မှ ဦးတိုးကျော်လှိုင်က ပြောသည်။

အဆိုပါ ပြည်သူ့တော်လှန်ရေးဆိုင်ရာ နှစ်သစ်ကူး ပူးတွဲထုတ်ပြန်ကြေညာစာတမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ၁၉၉၀၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး – ABSDF တို့အပါအဝင် မြေပြင်သပိတ်အင်အားစုများ၊ ဆရာ၊ ဆရာမများ၊ အလုပ်သမားများ၊ အရပ်ဘက်အဖွဲ့ အင်အားစုများ၊ ပြည်နယ် အတိုင်ပင်ခံကောင်စီများ စသည်ဖြင့် တော်လှန်ရေးအင်အားစု ၂၂ ဖွဲ့က ကြေညာထုတ်ပြန်ခြင်းဖြစ်သည်။

သို့သော် ပူးတွဲထုတ်ပြန်ကြေညာချက်စာတမ်းသည် NUCC ထဲရှိ အဖွဲ့အစည်းအားလုံး၏ သဘောဆန္ဒကို ကိုယ်စားပြု၍ များစွာကျယ်ပြန့်ကြောင်း ဦးတိုးကျော်လှိုင်က ရှင်းပြသည်။

၂၀၂၃ တွင် စစ်ကောင်စီက ကျင်းပမည်ဆိုသော ရွေးကောက်ပွဲနှင့်ပတ်သက်၍ အထက်ပါ တော်လှန်ရေးအင်အားစုအားလုံးက ပြတ်သားစွာ ဆန့်ကျင်ကြောင်း ကြေညာသည်။

ဥပဒေအရပ်ရပ်ကို ချိုးဖောက်လျက် နိုင်ငံတော်အာဏာကို အကြမ်းဖက်လုယူရန် ကြိုးစား နေရုံသာမက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို နေ့စဉ် သတ်ဖြတ်၊ ညှဉ်းပန်းနှိပ်စက် ဖျက်ဆီးနေသော အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ရွေးကောက်ပွဲကျင်းပရန် အခွင့်အာဏာလုံးဝမရှိကြောင်း ဖော်ပြသည်။

၎င်းတို့က ကျင်းပမည်ဆိုသော “ရွေးကောက်ပွဲ” ဆိုသည်မှာ လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်း ပြဿနာ၏ ထွက်ပေါက် အဖြေ လုံးဝမဟုတ်ရုံသာမက ရွေးကောက်ပွဲ ဟူသော အသုံးအနှုန်းကို သုံးစွဲရန်ပင် ထိုက်တန်မှုမရှိသည့် အမှန်တရားကို ဖုံးကွယ်ပုံဖျက်မှု (Deception) သာ ဖြစ်သည်ဟု ဆိုသည်။

ဆက်လက်၍ လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံမှ မြန်မာပြည်သူတရပ်လုံးအနေဖြင့်လည်း တိုင်းပြည်၏ အနာဂတ်ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် သမိုင်းဝင်တော်လှန်ရေးကြီးတွင် ပြင်းပြထက်သန်သော ဇွဲ၊ သတ္တိ၊ လုံ့လ၊ ဝီရိယ၊ ဆန္ဒ၊ ဉာဏ်ပညာတို့ဖြင့် အစွမ်းကုန် ဆက်လက်ဆင်နွှဲပါဝင် ပူးပေါင်းကြစေလိုကြောင်း တော်လှန်ရေး အင်အားစုများက တိုက်တွန်းထားသည်။