စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်တွင် ရွာစဥ်လှည့် စစ်ကြောင်းထိုးမီးရှို့နေသည့် စစ်ကောင်စီတပ်ဖွဲ့ ခေတ္တထိုင်နားနေစဥ် ဒရုန်းဖြင့်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း Ngwe Dwin Revolution Force၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့ (ဇန်နဝါရီ၂၅ရက်)မွန်းလွဲပိုင်းက၀က်လက်မြို့နယ်၊ ခေါတောကျေးရွာသို့အင်အား ၆၀ပါ စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုးလာ၍ NDRFက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အတွင်းသတင်းအရ စစ်သားနှစ်ဦးနှင့် ပျူနှစ်ဦး သေဆုံးကြောင်း NDRFက ဆိုသည်။
“မနက်ပိုင်းမှာ စစ်အုပ်စုက ဝက်လက်မြို့နယ် မူးကြီးရွာကို လုယက် မီးရှို့ခဲ့ပြီး နေ့လယ်ပိုင်းမှာ ခေါတောရွာဘက်ကူးပြီး ဆက်လက် လုယက် မီးရှို့နေတယ်လို့ သတင်းရလို့ ဗုံးသွားချခဲ့တာ။ဗုံးသီး ၆ လုံးချတယ်။ တောထဲ တစ်နေရာမှာ နားနေတဲ့အချိန် ချခဲ့တာ။ ဒီကနေ့မနက် ရွာသားတွေ တောထွက်တော့ စကစတွေတွေနားခဲ့တဲ့ တဲထဲမှာ အလောင်း ၄လောင်းတွေ့တယ်လို့ ရွာခံတွေက ပြောတယ်။”ဟု Ngwe Dwin Revolution Force၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို MSaiNaw ငရဲမီး၊ မုံရွာခရိုင်တပ်ရင်း၆၊ MRTF၊ မုံရွာခရိုင်တပ်ရင်း(၂၁) တပ်ခွဲ – ၂ NDRF တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement
၀က်လက်မြို့နယ် အနောက်ဘက်ခြမ်းတွင် အင်အား ၆ဝကျော်ပါ စစ်ကောင်စီတပ်သည် သုံးရက်ဆက် တစ်ရွာ၀င်တစ်ရွာထွက် လုယက် မီးရှို့နေပြီး သိမ်းသွားသည့်ပစ္စည်းများအား လှတောစခန်းသို့ပို့နေကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ရက်သတ္တပတ်ကြာ တိုက်ခိုက်လျက်ရှိပြီး စစ်အုပ်စုထိခိုက်မှုများရှိသည်။


















































