စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းတွင် စစ်ကိုင်းမှ မုံရွာမြို့ဘက်သို့ထွက်ခွာလာသည့် စစ်ကောင်စီယာဥ် များကို နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း People’s knight Defense Force Myinmu အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့ (ဇန်နဝါရီ ၃၀ရက်)နံနက် ၅နာရီခန့်က စစ်ကိုင်းမှ ဘိုးမင်းကြီးကင်းစခန်းသို့ထွက်ခွာလာသော အင်အား ၂၀ခန့်ပါသည့် စစ်ကားတစ်စီးကို ဝမ်းပြည့်နှင့် အလ္လကပ္ပရွာကြား၌ လေးလုံးတွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ကားထိမှန်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိကြောင်း PKDF အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
နံနက် ၁၁နာရီခန့်တွင်လည်း စစ်ကိုင်းမှမုံရွာမြို့သို့ ထွက်လာသော စစ်ကောင်စီကားနှစ်စီးကို ဝမ်းပြည့်နှင့် အလ္လကပ္ပရွာကြား၌ပင် ခြောက်လုံးတွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ကားနှစ်စီးလုံး ထိမှန်ခဲ့ကြောင်း၊ ထိခိုက်သေဆုံးမှုများ ရှိနိုင်သည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။
“သူတို့ဘက်က ထိခိုက်မှုများတယ်။ ကျွန်တော်တို့ဘက်က ထိခိုက်မှုမရှိဘူး။”ဟု PKDF အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
အဆိုပါ စစ်ဆင်ရေးများကို People’s knight Defense Force Myinmu၊ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ PAFD၊ TTAPDF၊ DBBF-MMU၊ DKPDF-MMU၊ စသည့်မဟာမိတ်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။
မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်များအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက မကြာခဏမိုင်းဆွဲတိုက်ခိုက်နေပြီး ပြည်သူများအနေဖြင့် ည၉ နာရီမှ နံနက်၅ နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် သတိပေးထားသည်။


















































