▪︎အာဏာသိမ်းကာလအတွင်းကျန်းမာရေးဝန်ထမ်း ၇၀ခန့်ကို စစ်ကောင်စီ သတ်ဖြတ်ခဲ့
စစ်ကောင်စီတပ်ကယခုနှစ် ဇန်နဝါရီမှ ဖေဖော်ဝါရီအထိ နှစ်လတာကာလအတွင်း CDM ကျန်းမာရေးဝန်ထမ်းနှစ်ဦးကို အကြမ်းဖက်သတ်ဖြတ်သည့်အပြင် ဆေးရုံဆေး ခန်းများအားပစ်မှတ်ထားတိုက်ခိုက်မှု (၆)ကြိမ်ထက်မနည်းရှိခဲ့ကြောင်း NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီး ဌာနကထုတ်ပြန်သည်။
“ အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ (၂) လအတွင်း ကျန်းမာရေးကဏ္ဍအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ ကျန်းမာရေးဝန်ထမ်းများကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများနှင့် အခြားအကြမ်းဖက်မှုများကို လူမဆန်စွာ ဆက်တိုက်ကျူးလွန်ခဲ့ သည့်အနက် အဖြစ်အပျက်အချို့ကို အောက်ပါအတိုင်းတွေ့ရှိရပါသည်” ဟု ဝန်ကြီးဌာန၏ ဖေဖော် ဝါရီ ၂၈ ရက်ထုတ်ပြန်ချက်တွင် ဖော် ပြသည်။

စစ်ကောင်စီတပ်၏ ပစ်မှတ်ထားတိုက်ခိုက်မှုများတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ချင်းပြည်နယ်တို့ပါဝင်ပြီး CDM သူနာပြု ကျန်းမာရေးဝန်ထမ်းနှစ်ဦးအား အကြမ်းဖက်သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။
▪︎စစ်ကိုင်းတိုင်း
စစ်ကိုင်းတိုင်းအတွင်းရှိ ကျန်းမာရေးကဏ္ဍများ တိုက် ခိုက်ခံရမှုတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်က ပုလဲ မြို့နယ်၊ နွယ်အင်းကျေးရွာသို့ ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးခန်း (၁) ခုတည်းကိုသာ ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။
အလားတူ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၅ ရက်အထိ အရာတော်မြို့နယ်ရှိ မင်းရွာ၊ မလဲသာရွာနှင့် ကန်ရင်းရွာတို့ကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာအ တွင်းရှိ အထက်တန်းကျောင်းနှင့် ဆေးရုံကိုပါ ရဟတ်ယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ဆေးရုံအတွင်းရှိ ဆေးနှင့် ဆေး ပစ္စည်းများကိုပါ အကြမ်းဖက်စစ်သားများက ဖျက် ဆီးသွားခဲ့သည်ဟုဆိုသည်။

ယင်းအပြင် ဖေဖော်ဝါရီ ၁၆ ရက်ကလည်း ချင်းပြည် နယ်၊ ဖလမ်းပြည်သူ့ဆေးရုံမှ CDM အထက်တန်း သူ နာပြုဆရာမ ဒေါ်သဲသဲဝင်းသည် ၎င်း၏ ဇာတိရွာဖြစ်သည့် စစ်ကိုင်းတိုင်း ကသာမြို့နယ်၊ မိုးဒါးကြီးကျေးရွာတွင် နေထိုင်နေစဉ် ရွာသို့ စစ်ကြောင်းထိုးလာသည်နှင့် ရင်ဆိုင်ခဲ့ရသည်။
ထို့နောက် အကြမ်းဖက်စစ်တပ်က သူနာပြုဆရာမအားဖမ်းဆီး၍ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် သတ်ဖြတ်ခဲ့ကြောင်း NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ဆို သည်။
▪︎မကွေးတိုင်း
မကွေးတိုင်းအတွင်း၌မူ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်က မြိုင်မြို့နယ် ဗဟင်းတိုက်နယ် ဆေးရုံကို အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆေးရုံအနီးရှိ ဒေါ်ကြည်(၆၂) နှစ် ကျည်ထိမှန် သေဆုံးခဲ့ပြီး ဆေးရုံရှိ ဓာတ်မှန်စက်အပါအဝင် ဆေးရုံနံရံနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်။

ထို့အပြင် ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများမှာ အ ချိန်မီ တိမ်းရှောင်နိုင်၍ ဘေးကင်းခဲ့သော်လည်း ထိခိုက်ဒဏ်ရာရထားသူများ၊ မွေးလူနာများမှာ တိုက်ခိုက်မှုများကြားမှ အသက်လုပြေးလွှားပုန်းခိုခဲ့ရကြောင်း ဒေသအ ခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“ စလာလာပြီးပြီးချင်း တစ်ပတ်ဝဲပြီးတော့ ပစ်တယ်ဗျာ။ ဆေးရုံထဲ အချက် ၂၀၊ ၃၀ လောက်ကျသွားတယ်။ ဆေး ရုံလည်း တော်တော်ကိုထိပါတယ်။ တော်တော်လည်း ပျက်စီးတယ်။ ဒါပေမဲ့ လူနာတွေတော့ မထိဘူး” ဟု ၎င်းတော်လှန်ရေးရဲဘော်က တိုက်နယ်ဆေးရုံအား လေ ကြောင်းမှ ပစ်ခတ်ခံရမှုအခြေအနေကို ရှင်းပြသည်။

▪︎ပဲခူးတိုင်း
စစ်ကောင်စီတပ်က ပဲခူးတိုင်းအတွင်း ကျူးလွန်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်တစ်ခုမှာ အုတ်ဖိုမြို့နယ်မှ CDM သူနာပြုဆရာမ ဒေါ်မေဇွန်မိုးအား ဖမ်းဆီးကာ မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဖြစ်စဥ်မှာ ဇန်နဝါရီ ၂၉ ရက်က တောထဲတစ်နေရာတွင် မွေးလူနာကုသပေးပြီး အုတ်ဖိုမြို့ထဲသို့ ပြန်လာသော အေးမြသာယာတိုက်နယ်ဆေးရုံမှ CDM သူနာပြုဆ ရာမ ဒေါ်မေဇွန်မိုးသည် အေးမြသာယာအုပ်စု၊ ကျောက် ဖြူတောင်ကျေးရွာအနီးရှိ စစ်တပ်၏ ခမရ (၆) စစ်ဆေးရေးဂိတ်တွင် PDF ရဲဘော် (၂) ဦးနှင့်အတူ စစ်ဆေးခံရရာ အကြမ်းဖက်စစ်သားများက PDF ရဲဘော် (၂) ဦးကို နေရာတွင် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
PDF ရဲဘော်များနှင့်အတူပါလာသော သူနာပြုဆရာမ ဒေါ်မေဇွန်မိုးမှာ ထွက်ပြေးလွတ်မြောက်ကာ ပုန်းခိုနေခဲ့သော်လည်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကိုခံရပြီး စစ်ကြောရေး၌ ညှင်းပမ်းနှိပ်စက်ခံခဲ့ရသည်ဟု ဆိုသည်။

ထို့နောက် ဖမ်းဆီးနှိပ်စက်ခံထားရသည့် ဒေါ်မေဇွန်မိုးအား စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၆ ရက်တွင် အုတ် ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအနီး၌ အကြမ်းဖက်စစ်တပ်က သူနာပြုဆရာမ ဒေါ်မေဇွန်မိုးကို မုဒိမ်းကျင့်၍ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဝန်ကြီးဌာနက အသိပေးသည်။
“ ဆရာမလေး အလောင်းတွေ့တယ်။ သေနေပြီ။ ထန်းပင်ကုန်းရွာနားမှာ သတ်ထားတာ။ စော်ကားပြီး သတ်လိုက်တာ” ဟု သူနာပြုဆရာမ ဒေါ်မေဇွန်မိုးအား စစ်ကောင်စီတပ်က အဓမ္မပြုကျင့် သတ်ဖြတ်လိုက်ခြင်းအပေါ် သာ ယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ မှ တပ်ခွဲမှူးက People’s Spring သတင်းဌာနသို့ အတည်ပြုသည်။
▪︎ချင်းပြည်နယ်
အလားတူ ချင်းပြည်နယ်အတွင်း ကျန်းမာရေးကဏ္ဍများအား စစ်ကောင်စီတပ်က ပစ်မှတ်ထားတိုက်ခိုက်မှုများအနက် ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်တည်ရှိရာ Camp Victoria စခန်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့သည်။
ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း ချင်းအမျိုးသားတပ်ဦးမှ ရဲမေ (၂)ဦးနှင့် ရဲဘော် (၃)ဦး ကျဆုံးခဲ့ရပြီး ပြင်ပလူနာကုသဆောင်၊ ဆေးစတိုနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။

“ အကြမ်းဖက်စစ်ကောင်စီက ကျန်းမာရေးကဏ္ဍအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ အကြမ်းဖက် တိုက် ခိုက်နေခြင်းသည်ဂျီနီဗာကွန်ဗန်းရှင်း၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ နိုင်ငံတကာဥပဒေများနှင့် ပြည်တွင်းဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်ပါသည်” ဟု NUG အစိုးရ ကျန်းမာ ရေးဝန်ကြီးဌာနက ထောက်ပြသည်။
ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဖြစ်နိုင်သည့် နည်းလမ်းမှန်သမျှကို အသုံးပြု၍ အမြန်ဆုံး ထိရောက်စွာ တားဆီးအရေးယူ ဆောင်ရွက်ကြရန် NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းသည်။
NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် အကြမ်း ဖက်စစ်ကောင်စီ၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသော ကျန်းမာရေးလုပ်သားများ၊ တော်လှန်ရေးရဲဘော်များ၊ အပြစ်မဲ့ ပြည်သူများ၏ မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပြီး ဝန်ကြီးဌာနအနေဖြင့် အပြစ်မဲ့ကျဆုံးခဲ့ရသူများအတွက် တရားမျှတမှုကို မဖြစ်မနေ ပြန်လည်ရယူပေးမည်ဖြစ်ကာ စစ်ကောင်စီနှင့်အတူ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခဲ့သူများအားလုံးကို ပြည်သူ့တရားဥပဒေနှင့်အညီ ပြင်းထန်စွာ တုံ့ပြန်အရေးယူမည်ဟု အသိပေးသည်။



အကြမ်းဖက်စစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တိုင်းပြည်အာဏာကိုမတရားသိမ်းယူချိန်ကစပြီး နှစ်နှစ်တာကာလအတွင်း ကျန်းမာရေးဝန်ထမ်း (၇၀) ဦးခန့်ကို သတ်ဖြတ်ခဲ့သည်။ ထို့အပြင် (၉၀၀) ဦးခန့် ကို ဖမ်းဆီးခြင်းနှင့် (၇၈၀) ဦးကျော်ကို ထိခိုက်ဒဏ်ရာရစေခြင်းအပြင်ဆေးရုံ/ဆေးခန်း (၁၆၀) ကျော်ကို ဖျက်ဆီးခြင်းတို့အား ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသည်ဟုဖော်ပြထားသည်။
“ အခုအနေအထားကို ကြည့်လိုက်ရင် စစ်ကောင်စီ လှုပ်ရှားမှုကို ကြည့်လိုက်ရင် မြေပြင်မှာ သူတို့က အင်အားက တော်တော်ချိနဲ့နေပြီ။ ဝေဟင်ပဲ သူတို့က ပိုပြီးအားကိုးလာတော့တာ။ ဝေဟင်က ရေရှည်မှာ အတွေ့အကြုံအရ လေ့လာချက်အရ တိုက်ပွဲက အဆုံးအစွန်အထိ မအောင်မြင်နိုင်ပါဘူး။ ဒါက အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။ အဲဒါကြောင့် စစ်ကောင်စီက အခုအနေအထားမှာ သူကျဆုံးတော့မယ့်အနေအထားမှာ မထူးဇာတ်ခင်းပြီး ပြည်သူကို မရှောင် အားလုံးကို သိမ်းကြုံးပြီး အကြမ်းဖက်ပြီးလုပ်နေတာ” ဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကိုPeople’s Springသတင်းဌာနသို့ပြောသည်။
