▪︎စစ်ဘေူရှောင်များဆေးဝါး၊ နေရာထိုင်ခင်နှင့် အမိုးအကာနှင့် ရေသန့်အရေးပေါ်လိုအပ်နေ
ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမောဆိုအရှေခြမ်းတွင် အထိနာနေသော စစ်ကောင်စီတပ်ကလေကြောင်းမှတိုက်ခိုက်သောကြောင့် စစ်ဘေးရှောင်ပြည်သူများထပ်မံရွေ့ပြောင်းရကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေး အဖွဲ့ KMIC က ယနေ့ ထုတ်ပြန်သည်။
ဒီးမောဆိုအရှေ့ခြမ်းသို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်သည် အထိနာခဲ့သဖြင့် စစ်ရဟတ်ယာဉ်များအသုံးပြု၍ လာရောက်ပစ်ခတ်ခဲ့ကြောင်းသိရသည်။
ယမန်နေ့(မတ်လ၁၁ ရက်) ညနေ(၅)နာရီခန့်တွင် ဒီမောဆိုအရှေ့ခြမ်း ဒေါကလော်ဒူကျေးရွာ အုပ်စု၊ ဒေါသဲရွာအတွင်း စစ်ကောင်စီတပ်မှ စစ်ရဟတ် ယာဉ် (၃)ကြိမ်လာရောက်ပစ်ခတ်ခဲ့သည်။


ပထမအကြိမ်တွင် လေယာဉ်ပါစက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ပြီး၊ ဒုတိယအကြိမ်တွင် ဗုံးသီးများပါချသွားကာ တတိယအကြိမ်တွင် စက်သေနတ်ဖြင့် ထပ်မံပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်ဟု KIMC ကအသိပေးသည်။
ထို့သို့စစ်ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်ခြင်းသည် မတ်လ၁၀ ရက်နံနက်ပိုင်းတွင် ဒေါသဲရွာအတွင်းတိုက်ပွဲ၌ စစ်ကောင်စီဖက်မှ သေဆုံး၊ထိခိုက်ဒဏ်ရာရရှိမှုများပြားခဲ့ခြင်းကြောင့် အခဲမကျေဖြစ်ကာ လေကြောင်းဖြင့် လာရောက်တိုက် ခိုက်ခြင်းဖြစ်ကြောင်း KMIC က ဖော်ပြသည်။

“အခုက စစ်ရှောင်ရွာတွေဘက်ကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတော့ ထပ်ဆင့် စစ်ဘေးရှောင်ရတာမျိုးဖြစ်နေတာပေါ့။ပို့းဆိုးတာက အခုက စကစ အင်အား အရမ်းများတော့ ကြုံသလိုရှောင်ရတော့စစ်ရှောင်တွေအတွက် လိုအပ်ချက်များနေတယ်”ဟု ဒီးမောဆို မြို့နယ်အခြေစိုက် စစ်ရှောင်ကူညီနေသည့် ကိုဖိုးခွားက People’s Spring သတင်းဌာနသို့ပြောသည်။
မတ်လ ၁၀ ရက် ဒီးမော့ဆို မြို့နယ် အရှေ့ခြမ်းတိုက်ပွဲများတွင်စစ်ကောင်စီတပ်ဘက်မှ ၁၆ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNDF မှတာဝန်ရှိသူကပြောသည်။

မတ်လ ၁၁ ရက် နံနက် ၉ နာရီတွင် ဒီမောဆိုအရှေ့ခြမ်း၊ ဒေါတမကြီးအုပ်စု၊ ဒေါညေးခူရွာတွင် စစ်ကောင်စီတပ်နှင့် ကရင်နီ ဒီမောဆိုမြို့နယ်ပြောက် ကျားတပ်တို့ ရွာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဖက်ထိခိုက်မှု အများအပြားရှိကြောင်း သိရှိရသော်လည်း စာရင်းအတိအကျမရရှိသေးပေ။ အထိနာသွားသောစစ်ကောင်စီတပ်သည် လူထုနေအိမ် (၂)လုံးမီးရှိုးဖျက်ဆီးသွားကြောင်းလည်းသိရသည်။
ထိုအပြင်ဖေဖော်ဝါရီ ၁၁ ရက်နေ့ခင်းပိုင်းမှစ၍တွင် ကရင်နီတပ်မတော် KA ရဲ့ တပ်စခန်းတစ်ခုအား သိမ်းပိုက်ရန်စစ်ကောင်စီက တပ်ရင်း ၃ရင်းပူးပေါင်းပြီး ညအထိတစ်နေကုန်ထိုးစစ်ဆင်ခဲ့သော်လည်း KA တပ်ဖွဲ့ဝင်များကခုခံတိုက်ခိုက်ရာ စစ်သားများ အထိနာပြီး ပြန်ဆုတ်ခွာသွားကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၏ သတင်းပြန်ကြားရေးဌာနဖြစ်သောKNICကလည်းယနေ့နေ့ခင်းပိုင်းတွင်ထုတ်ပြန်သည်။တိုက်ပွဲအပြီးနယ်မြေရှင်းလင်းရာစစ်သားအလောင်းနှစ်လောင်းနှင့် လက်နက်ခဲယမ်းများရရှိကြောင်းလည်း သတင်းဓါတ်ပုံနှင့်တစ်ကွဖော်ပြထားသည်။

စစ်ဘေးရှောင်ပြည်သူများအခြေအနေမှာ ဒီးမောဆိုအရှေ့ခြမ်းဒေသအတွင်း စစ်ကောင်စီတပ်မှစစ်ကြောင်း(၃)ကြောင်း နယ်မြေရှင်းလင်းရေးနှင့် ထိုးစစ်ဆင်မှုပြုလုပ်လာသဖြင့် စစ်ဘေးရှောင်များ ၏ ပုန်းခိုရာ၊ လုံခြုံရာနေရာ အခက်အခဲဖြစ်နေလျက်ရှိကြောင်း သိရှိရသည်။
စစ်ဘေးရှောင် များသည်ရေရှားပါးမှုနှင့်ဆက်စပ်သည့် နောက်ဆက်တွဲရောဂါများ ဖြစ်ပွားလျက်ရှိသဖြင့် ဆေးဝါး၊ နေရာထိုင်ခင်နှင့် အမိုးအကာများအရေးပေါ်လိုအပ်နေ လျက်ရှိကြောင်း လည်း KMICကထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည်ဖော်ဝါရီလမှစ၍ကရင်နီပြည်အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်မျက်နှာ (၄) ခုဖွင့်ကာ စုစုပေါင်းစစ်ကြောင်း (၁၂)ကြောင်းဖြင့်အပြင်းအထန် ထိုးစစ်ဆင်နေသည်။
လက်ရှိ ဒီးမော့ဆို အရှေ့ခြမ်းဒေသတွင်စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် စစ်ရှောင်ပြည်သူ ၁၅,၀၀၀ ထက်မနည်းထွက်ပြေးတိမ်းရှောင်နေရသည်။
စစ်တပ်၏ အာဏာသိမ်းပြီးနောက်ပိုင်းကရင်နီ(ကယား)ပြည်နယ် တွင် မိုးဗြဲ ၊ဖယ်ခုံ မြို့နယ်များ အပါအဝင် စစ်ရှောင်နေရသည့် ပြည်သူ နှစ်သိန်း ကျော်ရှိကြောင်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC) က ထုတ်ပြန်ထားသည်။
