NUGနှင့် ဆက်သွယ်သည်ဟုဆိုကာ အကြမ်းဖက် ပုဒ်မဖြင့် စစ်ကောင်စီစွဲချက်တင်
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)အပါအဝင် စစ်ကောင်စီက မတရားစွပ်စွဲ ပုဒ်မတပ်တရားစွဲဆိုထားရာ ပြီးခဲ့သည့်ရက်ပိုင်းက တရားရုံး၌ သက်သေခံအချို့ထွက်ဆိုပြီး အပြစ်မရှိကြောင်း ခုခံချေပခဲ့သည်ဟု KBC တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပုဒ်မ ၁၇(၁) နှင့် ပုဒ်မ ၅၀၅(က)တို့နှင့်ပတ်သက် ပြီး ဒေါက်တာခလမ်ဆမ်ဆွန်ဘက်က သက်သေအချို့မှာ မတ်လ ၁၄ရက်က အပြစ်မရှိကြောင်း ထွက်ဆိုခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့ဘက်က သက်သေခံပေးတာပေါ့။ ကျွန်တော်တို့ဘက်က တစ်ယောက်သက်သေခံပေးတာ။ ၁၇(၁)နဲ့ ၅၂(က)ကို သက်သေခံပေးတာ။ ၁၇(၁)နဲ့ ပတ်သက်တဲ့ဟာရယ် ၅၀၅(က)နဲ့ ပတ်သက်တဲ့ဟာရယ် အဲဒါကိုမဟုတ်တဲ့အကြောင်းပေါ့”ဟု KBC တာဝန်ရှိသူ က ပြောသည်။
ရုံးချိန်းကို မတ်လ ၂၁ရက်တွင် ထပ်မံ ခေါ်ယူထားသည်ဟု ဆိုသည်။

Public Service Announcement
“ကျွန်တော်တို့ကတော့ ဓမ္မဆရာတွေပဲလေ။အပြစ်မရှိဘူးပေါ့ အဲဒီလိုပဲ မြင်တာပေါ့။ ကျွန်တော်တို့လည်း စာတော့တင်ပြထားတာရှိတယ်။ သူ့ကို အပြစ်မရှိတဲ့အကြောင်း လွှတ်ပေးဖို့ စာတင်ထားတာ။ကျနော်တို့ကတော့ အမြန်ဆုံးလွှတ်စေချင်တာပေါ့”ဟု KBC တာဝန်ရှိသူက ပြောသည်။
ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့်လည်း တရားစွဲဆိုခဲ့ရာ မတ်လ ၁၄ရက်တွင် စွဲချက်တင်ခဲ့ကြောင်း မြစ်ကြီးနားဂျာနယ်က ဖော်ပြထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာမတရားအမှုဆင် ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
