တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ ဘုရားမဲ စစ်ဆေးရေးဂိတ်အား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကြောင်း PDF တပ်ပေါင်းစု ဥသြစစ်ကြောင်းက People’s Spring သတင်းဌာနသို့ ပြောသည်။
မတ်လ ၂၀ ရက် နေ့လယ် ၁ နာရီ ၁၅ခန့်က စစ်ကောင်စီတပ်၏ ဘုရားမဲစစ်ဆေးရေးဂိတ် အား ဥသြစစ်ကြောင်းနှင့်အတူ DGRF(ထားဝယ် ပ.က.ဖ)၊ ဧဒင်မှူးတပ်ဖွဲ့(ထားဝယ် ပ.က.ဖ)တို့ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လက်ဦးမှုယူ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့အတူ စစ်တပ်စစ်ဆေးရေးဂိတ်မှ အင်အား (၃၀)ခန့်ရှိ စစ်ကောင်စီတပ်ဘပ်မှလည်း လက်နက်ကြီးများဖြင့် ပြန် လည်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်ချိန် ၁ နာရီခန့်ကြာမြင့်ကြောင်း ဥသြစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူသုံးဦးနှင့် ဒဏ်ရာရသူများကို လူနာတင်ယာဥ်နှစ်စီးဖြင့် သယ်ဆောင်သွားပြီး တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက အသိပေးသည်။
ဥသြစစ်ကြောင်းအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်အား အလျဥ်းသင့်သလို စီးနင်းတိုက်ခိုက်ကာ စစ်ရေးအရှိန်မြှင့်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် သတိပေးချက်များအား လိုက်နာပြီး စစ်ကောင်စီတပ်များနှင့် ဝေးဝေးနေကြရန် မေတ္တာရပ်ခံထားသည်။

Public Service Announcement
