စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က မြကန်ကျေးရွာအား စီးနင်းမီးရှို့ဖျက်ဆီးစဉ် ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့သည့် အဘိုးအိုတစ်ဦးအား သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်းရှိ စစ်ကောင်စီတပ်နှင့် ရွာသစ်ကုန်းရွာမှ ပျူစောထီးများသည် အင်အား ၄၀ခန့်ဖြင့် မူးတိမ်ချောင်းတံတား အထိုင်ချစစ်အုပ်စုနှင့်ပေါင်းကာ ယနေ့ (မတ်လ ၂၃ ရက်) နံနက် ၈ နာရီခန့်က မြကန်ကျေးရွာအတွင်း လက်နက်ကြီး၊ငယ် များပစ်ခတ်ကာ ဝင်ရောက်ခဲ့သည်။
ထို့နောက် ကျေးရွာရှိ နေအိမ်တစ်လုံးအား မီးရှို့ဖျက်ဆီးခဲ့ကာ ရွာအတွင်း ထွက်မပြေးနိုင်၍ ကျန်ခဲ့သော အသက်(၆၅)နှစ်အရွယ် ဦးညိုတင်အား သတ်ဖြတ်သွားခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

အိမ်ခြေ ၂၀၀ ခန့်ရှိ မြကန်ကျေးရွာသည် ရွာသစ်ကုန်းပျူရွာ၏ အရှေ့တောင်ဘက် ပေ၃,၀၀၀ အကွာရှိပြီး စစ်ကောင်စီတပ်က သုံးကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကာ စုစုပေါင်း နေအိမ် ငါးလုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
“မနက်၁၀နာရီလောက်ကတည်းက အထိုင်ချနေရာတွေဆီ ပြန်ဆုတ်သွားပါပြီ။ပြည်သူတွေကတော့ အကုန် ပြန်မဝင်နိုင်သေးပါဘူး။”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။
ခင်ဦးနယ်တွင် အဆိုပါ စစ်ကြောင်းနှင့် ရွာသစ်ကုန်းပျူများသည် ယခင်ရက်ပိုင်းအတွင်း၌ အနီးဝန်းကျင်ရှိကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိသည်။
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ကျေးရွာပေါင်း ၆၈ရွာမှ နေအိမ် ၄,၁၇၆လုံးအား မီးရှို့ဖျက်ဆီးခံထားရသည်။
