ဒေသခံများနှင့် ရဲဘော်များ အချိန်မီတိမ်းရှောင်နိုင်ခဲ့ဟုဆို
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပန်းကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)စခန်းတစ်ခုကို ယနေ့ နံနက် စစ်ကောင်စီက လေကြောင်းမှ စီးနင်းတိုက်ခိုက်ရာ ဒေသခံများနှင့် ရဲဘော်များ အချိန်မီတိမ်းရှောင်နိုင်ခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။
ပန်းရွာမှ ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုကို ယနေ့(ဧပြီလ၅ရက်) နံနက် ၉နာရီခွဲခန့်တွင် စစ်ကောင်စီက လေကြောင်းမှ လာရောက်ပစ်ခတ်ပြီး အင်အားအများအပြား ချသွားခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
” Mi- 35တစ်စီးနဲ့ Mi -17 နှစ်စီး လူလာချတယ်။ ဒါကို ကျွန်တော်မျက်မြင်တွေ့တယ်။ နောက်ထပ်နှစ်စီးထပ်လာတယ်။ စခန်းက ရဲဘော်တွေအားလုံးလွတ်တယ်။ အရပ်သားတွေကိုလည်း PDF အဖွဲ့တွေက ကယ်ထုတ်နေပြီး အထိအခိုက်မရှိဘူး”ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။

Public Service Announcement

စစ်ကောင်စီတပ်သည် Mi-35 ဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး Mi -17 ဖြင့် လူအင်အားတိုးချကာ မြေပြင်တွင် စစ်ကြောင်းထိုးနေသည်ဟု သတင်းရရှိသည်။
” ဒီနေ့လည်အထိတော့ ကိုယ့်ဘက်ရော၊ ပြည်သူတွေရော အထိအခိုက်မရှိဘူး။စစ်ကောင်စီက မြေပြင်မှာ ဘယ်လိုဆက်လုပ်မလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်နေတယ်”ဟု ဦးဇော်ထက်က ပြောသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာ ၂၅ရက်ကလည်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးကို ယခုပုံစံအတိုင်း စီးနင်းတိုက်ခိုက်ခဲ့ဖူးသည်။ ထိုဖြစ်စဉ်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်သုံးဦး ကျဆုံးပြီး ဒေသခံ ခုနစ်ဦးထက်မနည်းကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားခဲ့သည်။
