▪︎“ဒီမူဝါဒအောက်မှာ ပညာသင်ကြားခွင့်ရလာမယ်ဆိုရင် တချိန်မှာ အာမခံချက်တွေ အပြည့်အဝရှိလာပါလိမ့်မယ်” -NUG ပညာရေးဒုဝန်ကြီး
▪︎”မူဝါဒတွေ တကယ်လက်တွေအကောင်အထည်ဖော်နိုင်ဖို့အတွက် တော်လှန်ရေးအောင်ဖို့ကလည်း အရေးတကြီးလိုအပ်တာမို့ လက်ရှိတော်လှန်ရေးအတွက် ထိရောက်တဲ့ ဦးဆောင်မှုမျိုးကိုလည်း လက်တွေ့ကျကျ ဦးဆောင်ပေးဖို့ကိုလည်း တိုက်တွန်းလိုပါတယ်”-ဆရာအောင်မြတ်မိုး
လူတိုင်းအတွက်သာတူညီမျှ(equity)ရှိ၍ အရည်အသွေးရှိသော ပညာရေးကို တန်းတူညီမျှမှုရရှိစေရန် အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒကိုအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ကယမန်နေ့(မေလ၈ ရက်)တွင် အတည်ပြုထုတ်ပြန်သည်။
အဆိုပါ ပညာရေးမူဝါဒသည် လူ့အခွင့်အရေးကိုလေးစားလိုက်နာပြီး မြန်မာနိုင်ငံတွင် စုပေါင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအသီးသီး၏ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုလည်း အာမခံကာ လူ့ဂုဏ်သိက္ခာနှင့် လူမူရေးတရားမျှတမှုများကိုလည်းလေးစားလိုက်နာကြောင်း ဖော်ပြသည်။
“ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒက မြန်မာ့သမိုင်းမှာ အကောင်းဆုံးလို့ ပြောလို့ရတဲ့ မူဝါဒတစ်ခုဖြစ်ပါတယ်။ ကျောင်းသားတွေ မိဘတွေအနေနဲ့ ဒီမူဝါဒအောက်မှာ ပညာသင်ကြားခွင့်ရလာမယ်ဆိုရင် တချိန်မှာ အာမခံချက်တွေ အပြည့်အဝရှိလာပါလိမ့်မယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေး ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ပြောသည်။
ဖက်ဒရယ် ဒီမိုကရေစီပညာရေး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(JCC-Education) သည် ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒ(ပထမမူကြမ်း)အပေါ်တွင် ပညာရေးဆိုင်ရာ လုပ်ဆောင်နေသော အဖွဲ့အစည်းအသီးသီး၏ ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်၊ အကြံပြုချက်များကို ပေါင်းထည့်ပြင်ဆင်ထားပြီး ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒ (ဒုတိယမူကြမ်း) ကို ၂၀၂၃ ဧပြီလဆန်းတွင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)ကို တင်သွင်းခဲ့သည်ဟု သိရသည်။
အဆိုပါဒုတိယမူကြမ်းကို ၂၀၂၃ မေလ (၈) ရက်တွင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် ဆွေးနွေးအတည်ပြုနိုင်ခဲ့ပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က အတည်ပြုထားသည့် စာမျက်နှာ ၃၀ ပါ ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒကို ထုတ်ပြန်ထားသည်။ အဆိုပါ မူဝါဒကို https://drive.google.com/…/1w9wFYBNz0doSlZ6dm6q…/view… တွင်ဖတ်ရှုလေ့လာနိုင်ပါသည်။
ချမှတ်အတည်ပြုထားသော မူဝါဒများကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် တော်လှန်ရေးအောင်မြင်ရန်လည်း အရေးကြီးသည့်အတွက် လက်ရှိတော်လှန်ရေးကို ထိရောက်သော ဦးဆောင်မှု၊ လက်တွေ့ကျကျဦးဆောင်မှုပေးရန် အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ – BEGSC အတွင်းရေးမှုးအဖွဲ့ဝင် ဆရာအောင်မြတ်မိုးက တိုက်တွန်းသည်။
“နိုင်ငံတည်ဆောက်ရေးမှာအရေးပါတဲ့ ပညာရေးကဏ္ဍအတွက် မူဝါဒ ထွက်လာတာကိုတော့ ကြိုဆိုပါတယ်ဗျ။ ဒါပေမဲ့ မူဝါဒတွေ တကယ်လက်တွေအကောင်အထည်ဖော်နိုင်ဖို့အတွက် တော်လှန်ရေးအောင်ဖို့ကလည်း အရေးတကြီးလိုအပ်တာမို့ လက်ရှိတော်လှန်ရေးအတွက် ထိရောက်တဲ့ ဦးဆောင်မှုမျိုးကိုလည်း လက်တွေ့ကျကျ ဦးဆောင်ပေးဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။ မဟုတ်ရင် လက်ရှိပကတိအခြေအနေကို သေချာဂရုမစိုက်ဘဲ နောင်လုပ်ရမယ့် မူဝါဒတွေပဲချမှတ်ပြီး ဘာမှအလုပ်မဖြစ်ရင် လေထဲတိုက်အိမ်ဆောက်သလိုပဲဖြစ်နေမှာပါ” ဟု ၎င်းက မှတ်ချက်ပြုသည်။
NUG က CDM ဆရာ၊ဆရာမ ၊ပညာရေးဝန်ထမ်းတစ်သိန်းခွဲကျော်၏ အင်အားဖြင့် အခြေခံပညာ၊အဆင့်မြင့်ပညာ ၊ပသက်မွေးဝမ်းကျောင်းပညာနှင့် ဆရာအတက်သင်ပညာရပ်များကို အွန်လိုင်းနှင့်မြေပြင်တွင်ပါသင်ကြားပေးနေသည်ဟုဆိုသည်။NUG ပညာရေးဝန်ကြီးဌာနကအသိအမှတ်ပြုထားသော အွန်လိုင်းကျောင်းပေါင်း ၇၀ ၊ မြေပြင်တွင်ကျောင်းပေါင်း၅၀၀၀ ကျော် ၊ဆရာ၊ဆရာမပေါင်း ၆၀၀၀၀ ကျော် ၊ကျောင်းသားကျောင်းသားပေါင်း ၇၅၀,၀၀၀ ကျော်ကိုပညာသင်ကြားပေးနေသည်။မြို့နယ်ပညာရေးဘုတ်အဖွဲ့ ကို ၃၀၄ မြို့နယ်တွင်ဖွဲ့စည်းထားပြီး ၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးချက် BECA ကို ပြီးခဲ့သည့်မတ်လကကျင်းပခဲ့ရာ အွန်လိုင်းမှ ကျောင်းသား၊ကျောင်းသူ ၂၁၀၀၀ ကျော် ၊စာစစ်ဌာန ၃၂၉ ခုတွင်ကျောင်းသားကျောင်းသူ၃၈၈၇၇ ဦးဖြေဆိုခဲ့ကာ၊ PDF များလည်းဝင်ရောက်ဖြေဆိုခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ( ၂ )နှစ်ပြည့် ပြည်သူသိူ့အစီအရင်ခံတင်ပြခြင်း တွင်ဖော်ပြထားသည်။
အာဏာသိမ်းစစ်ကောင်စီကိုတော်လှန်နေသော KNU/KNLA ၊KIO/KIA တို့တွင် ကိုယ်ပိုင်ပညာရေးဝန်ကြီးဌာန၊ကိုယ်ပိုင်ပညာရေးမူဝါဒများဖြင့် ပညာရေးကိုအကောင်အထည်ဖော်နေကြခြင်းဖြစ်သည်။