မိုခါဆိုင်ကလုန်းမုန်တိုင်းအလွန်တွင်စစ်ကိုင်းနှင့်မကွေးတိုင်း၌ ဆန်ဈေးအပါအဝင် ကုန်ဈေးနှုန်းမြင့်တက်လာကြောင်း ဒေသခံများကပြောသည်။
မုန်တိုင်းကြောင့် ရေကြီးခြင်းနင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်းကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးနေသဖြင့် ဆန်အပါအဝင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။
“ဆန် (ဆန်ချော) က မုန်တိုင်းမကျခင်က တအိတ်ကို ရှစ်သောင်းလောက်ရှိတာ အခု ၉၅၀၀၀ လောက်ဖြစ်သွားပြီ ၊ဒါတောင်လိုအပ်သလောက်ဝယ်လို့ မရဘူး”ဟု ပခုက္ကူခရိုင်အတွင်းရှိ ဆန်ဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
လက်ရှိတွင် ကျေးရွာများတွင် ဆန်ကို လိုသလောက်ဝယ်ယူခွင့်မရဘဲ စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့လက်အောက်ခံ ပျူစောထီးများ ကန့်သတ်ထားသည်ဟုအထက်ပါဆန်ဆိုင်ပိုင်ရှင်ကပြောသည်။

လက်ရှိတွင်ရွှေဘိုပေါ်ဆန်းမွှေးတစ်အိန်ကို ကျပ် ၁၂၀,၀၀၀၊ ဆန်ချော တစ်အိတ်လျှင် ကျပ် ၉၅,၀၀၀နှင့် ဆန်ကြမ်းတအိတ်လျှင် ကျပ် ၇,၀၀၀၀ အထိ မြင့်တက်နေသည်ဟု ဆန်ကုန်သည်များထံမှ သိရသည်။
စားအုန်းဆီဈေးမှာလည်း တစ်ပိဿာကို ကျပ် ၇၀၀၀ ခန့်ပေါက်ဈေးရှိသည်ဟု ဆီကုန်သည်များထံမှ သိရသည်။ စစ်ကိုင်းနှင့် မကွေးတိုင်းတွင်မူ စားအုန်းဆီ တစ်ပိဿာကို ကျပ် ၈၀၀၀ ခန့်ပေါက်ဈေးရှိနေသည်။
မကွေးတိုင်း၊ယောဒေသ (ဂန့်ဂေါ၊ထီးလင်း၊ကျောက်ထု၊ဆော)တွင် ဆန်ရှားပါးနေသဖြင့်ဆန်တစ်တင်းလျှင် ကျပ် ၄၅၀၀၀ အထိဈေးတက်လာကာ အလွယ်တကူဝယ်ယူ၍လည်း မရကြောင်းလည်း ဒေသခံများကပြောသည်။
ယောဒေသတွင်ယခင်က ဆန်တစ်တင်းလျှင် ကျပ် ၁၅၀၀၀ ဝန်းကျင်သာရှိသည်ဟုလည်း ဒေသခံများကပြောသည်။

“အခုချိန်မှာတောင်သူတွေလည်းစစ်ကောင်စီကြောင့်တောင်ယာမလုပ်နိုင်၊ စပါးမစိုက်နဲ့ဘူး။ စစ်ကြောင်းထိုးလို့ထွက်ပြေးနေရတယ်။ အိမ်တွေလည်း မီးရှို့ခံရပြီး စိုက်ပျိုးရေး အသုံးအဆောင်တွေလည်း မီးရှို့ခံတဲ့ ပါတော့ မစိုက်နိုင်ကြဘူး”ဟု ထီးလင်းဒေသခံတစ်ဦးကပြောသည်။
စစ်ကိုင်းတိုင်းတွင်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဖျက်ဆီးမှုများကြောင့် စိုက်ပျိုးမြေများတွင် ကောက်ပဲသီးနှံများမစိုက်ပျိုးနိုင်သည့် အပြင် မုန်တိုင်းကြောင့် စိုက်ခင်းများပျက်စီးခဲ့ရသည်ဟုလည်းဒေသခံများကပြောသည်။
မြန်မာနိုင်ငံတွင်လူကြိုက်များပြီး ဈေးနှုန်းအမြင့်ဆုံးဖြစ်သည့် ရွှေဘိုပေါ်ဆန်းမွှေးစပါး စိုက်ပျိုးရာ ရွှေဘို၊ ကန့်ဘလူ၊ ခင်ဦး၊ ရေဦး ၊တန့်ဆည်ဘက်တွင် အဆိုးဝါးဆုံးဖြစ်သည်ဟုဒေသခံများကပြောသည်။
လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေမှုကြောင့် အခြားအခြေခံစားသောက်ကုန်များလည်းဝယ်ယူ၍မရကြောင်းလည်းသိရသည်။
