▪︎စစ်ကောင်စီတပ်မှ ၆၀ ဦးထက်မနည်းသေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး
▪︎စစ်တပ်က မေ ၁၈ တွင် ချောင်းမရွာမှ ပြည်သူ ၃၀ ခန့်ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးထား
ကနီနှင့် ယင်းမာပင်မြို့နယ်စပ်တွင် မိုခါမုန်တိုင်းတိုက်ခတ်ခဲ့သောရက်များအပါအဝင် ခုနှစ်ရက်ဆက်ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဘက်မှ ၆၀ဦးထက်မနည်းသေဆုံးပြီး ၃၀ခန့် ဒဏ်ရာရကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး ကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ် ပေါင်းစုနှင့် KLG PDF မှ ပြန်ကြားရေး တာဝန်ခံကပြောသည်။
ကနီနှင့်ယင်းမာပင်မြို့နယ်စပ်၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက မေလ ၁၁ရက်မှမေလ ၁၇ရက်ညနေအထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
” တိုက်ပွဲက ဖြစ်နေဆဲမို့ သတင်းမထုတ်ပြန်ဘဲတိုက်နေခဲ့ကြတာ။အခုက မဟာမိတ်အဖွဲ့တွေပါထုတ်ပြန်ကြတာပါ။ စစ်တပ်ဘက်က သေဆုံးမှု များပါတယ်” ဟု ကနီမြို့အခြေစိုက် KLG PDF မှ ပြန်ကြားရေး တာဝန်ခံကရှင်းပြသည်။

ခုနှစ်ရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိအချို့အပါအဝင် ၆၀ဦးထက်မနည်းသေဆုံးပြီး ၃၀ခန့် ဒဏ်ရာရသွားသည်ဟု KLG PDFကယနေ့ (မေ ၁၈)တရားဝင်ထုတ်ပြန်သည်။
မေလ ၁၁ရက်က ရွှေတောင်ဦးမှကားများဖြင့်လာသောအင်အား ၂၀၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းက နဘူးတောရွာကို စစ်ကြောင်းထိုးစဉ် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းအထက်ပါ ပြန်ကြားရေး တာဝန်ခံကပြောသည်။ တစ်နာရီကြာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးခန့်သေဆုံးပြီး ၁၅ ဦးထက်မနည်းဒဏ်ရာရခဲ့သည်ဟုသိရသည်။
ထိုစစ်ကြောင်းက မေလ ၁၂ရက်တွင် ကနီမြို့ နယ်၊ တွင်းကျေးရွာတွင်တပ်စွဲစဉ် တိုက်ပွဲထပ်ဖြစ်ခဲ့သည်။ မေလ ၁ရက်တွင် တွင်းကျေးရွာမှ ထွက်လာပြီး မင်းမရွာသို့ ရောက်လာသည်။ ထို့အပြင် မေ ၁၂ မနက်ခင်းတွင် ဘန့်ဘွေးပျူရွာမှ အင်းအား၁၀၀ ခန့်ပါ စစ်ကောင်စီတပ်နှင့် တိုက်ပွဲထပ်မံဖြစ်ခဲ့သည်။
မေ ၁၃ ရက်တွင် တွင်းကျေးရွာနှင့် ယကန်းတိုင်ကျေးရွာကြားတွင်တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။
မိုခါဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံသို့ ဖြတ်သန်းခဲ့သော မေလ ၁၄ရက် တိုက်ပွဲမှာ အပြင်းထန်ဆုံးဖြစ်ကြောင်း တိုက်ပွဲဝင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
” မုန်တိုင်းထဲမှာ တိုက်တာ။မုန်တိုင်းရှိနေချိန်ကျွန်တော်တို့ အားနည်းချက်ကတော့ သူတို့ လာတဲ့လမ်းမှာ မိုင်းထောင်လို့မရခဲ့တာ။အားသာချက်ကတော့ တိုက်ပွဲပြင်းနေချိန်လေကြောင်းမကြောက်ရဘဲ ရှေ့ကိုတိုး တိုက်ခိုက်နိုင်တာ”ဟု KLG PDF ရဲဘော်တစ်ဦးကအတွေ့အကြုံကိုပြောသည်။
မေလ ၁၄ ရက်က တိုက်ပွဲတွင် မြေပြင်၌ ပိတ်မိနေသည့်စစ်ကောင်စီတပ် ပြန်ဆုတ်ခွာနိုင်ရန် စစ်ကောင်စီကလေကြောင်းမှ တိုက်ခိုက်ခဲ့သလို မုံရွာ အနောက်မြောက်ပိုင်းစစ်ဌာနချုပ်မှနေ၍ လက်နက်ကြီးများ ပစ်ကူပေးခဲ့သည်ဟု ကာကွယ်ရေးရဲဘော်များကပြောသည်။
မေလ ၁၅ ရက်တွင်ဘန့်ဘွေးပျူရွာမှ စစ်ကူလာသော အင်အား၁၀၀ ခန့်ပါ စကောင်စီတပ်ကို တွင်းကျေးရွာအနီးတွင် PDF များကတိုက်ခိုက်ခဲ့သည်။
မေ ၁၆ ရက်တွင်လည်း မင်းမရွာမှ နောက်ကြောင်းပြန်ခေါက်လာသော စစ်တပ်ကို မင်းမရွာ အရှေ့ဘက်အလွန်တွင်PDF များကတိုက်ခိုက်ခဲ့ပြန်သည်။
ယမန်နေ့ (မေလ ၁၇ရက်)တွင်အထိ့နာနေသောစစ်ကောင်စီက မွန်းလွဲ ၂နာရီ ၅၀မိနစ်ခန့်တွင် ကနီမြိုနယ် ချောင်းမအနောက်ရွာသို့ တံတားဦးလေတပ်မှ Yak130 တိုက်လေယာဉ်နှစ်စီးဖြင့်ဗုံးကျဲခဲ့ကြောင်းPDFများကပြောသည်။ လေကြောင်းတိုက်ခိုက်မှုတွင်ပြည်သူ တစ်ဦး ဒဏ်ရာရခဲ့ပြီးစာသင်းကျောင်းအပါအဝင် နေအိမ်သုံးလုံး ပျက်စီးခဲ့သည်ဟု သိရသည်။
ခုနှစ်ရက်ကြာတိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများကို စစ်တပ်က၎င်းတို တပ်စွဲခဲ့သော ဘုန်းကြီးကျောင်းဝင်းများထဲတွင် မီးရှို့ဖျက်ဆီးသွားသည်ကို တွေ့ရသည်ဟု ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ မှပြန်ကြားရေးအရာရှိကလည်းပြောသည်။ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုများကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။
တိုက်ပွဲများအတွင်း KLG PDFမှ ရဲဘော်တစ်ဦး၊ ဆရာစံPDF မှ တစ်ဦးနှင့် ပကဖရဲဘော်တစ်ဦး ကျဆုံးကာ ရှစ်ဦးဒဏ်ရာရခဲ့သည်ဟုသိရသည်။
၇ ရက်ဆက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ကို KLG PDF၊ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး ၊ နဂါးညီနောင် ၊ယင်းမာပင်PDA ၊MPDF ကနီတပ်ခွဲ၊ ဗျတ္တညီနောင် Triple Two ၊ချင်းတွင်းဂဠုန်ရာဇာ၊ဗိုလ်မုတ်ဆိတ် တပ်ခွဲ၊ Spring Guerrilla Platoon ၊ချိုမိုင်မိုင် ၊Alpha special force၊ ချင်းတွင်းတိုက်ဂါးB21၊ဆရာစံ၊ရင်း၁ ၊ ရင်း ၂ ကနီ ၊ယင်းမာပင် ဆားလင်းကြီး မုံရွာ စသည့်မဟာမိတ်ညီနောင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရက်ရှည်တိုက်ပွဲဖြစ်ပွားနေသဖြင့် ပြည်သူများက ဒေသကာကွယ်ရေးတပ်များကို ကူညီပံ့ပိုးပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။
စစ်ကောင်စီတပ်သည် ယနေ့ (မေလ ၁၈ရက်)နံနက်တွင်လည်း ချောင်းမရွာတွင် ရှိနေပြီး ပြည်သူ ၃၀ ဦးခန့်ကို လူသားဒိုင်းအဖြစ် အသုံးပြုရန်ဖမ်းဆီးထားသည်ဟုဒေသခံအချို့ကပြောသည်။
