တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မှ စစ်ကောင်စီ လဝကရုံးနှင့် စရဖရုံးတို့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုက ယနေ့(မေလ ၂၃ရက်) နေ့လယ် ၁၂နာရီဝန်း ကျင်တွင် တပြိုက်နက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက People’s Spring သတင်းဌာနသို့ ပြောသည်။
“မြို့ထဲမှာ ပြောက်ကျားဝင်တိုက်တာ။ စစ်အုပ်စုဘက်က သေတယ်လို့ ကြားတယ်။ လူနာတင်ကား သုံးစီးလာတယ်” ဟု လောင်းလုံးမြို့နယ် လ၀က ရုံးအနီးနေသူတစ်ဦးကပြောသည်။
တိုက်ခိုက်မှုသည် တစ်နေရာစီတွင် မိနစ်အနည်းငယ်သာ ကြာခဲ့သည်ဟု မြို့ခံများကပြောသည်။ လောင်းလုံးမြို့နယ် လ၀ကရုံးမှ အရာရှိတစ်ဦးအပါအဝင် သုံးဦးသေဆုံးကြောင်း သတင်းထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုချက်မရသေးပေ။

“ကျွန်တော်တို့ သိရသလောက် လဝက ရုံးကနှစ်ယောက်သေတယ်လို့တော့ကြားတယ်။ သို့သော် စုံ စမ်းနေဆဲပဲဗျ။ ဝင်ရောက်တိုက်ခိုက်ခဲ့တာကတော့ Local PDF မြို့ပြပြောက်ကျားအဖွဲ့က ဝင်တိုက်တာဗျ”ဟုမြိတ်ခရိုင် PDF တပ်ရင်း(၁)လောင်းလုံးမြို့ နယ် ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
တော်လှန်ရေးရဲဘော်များတိုက်ခိုက်သောလဝကရုံးနှင့် စရဖ ရုံးတို့မှာ ကပ်လျှက်တည်ရှိသောကြောင့် လဝက ရုံးအားဝင်တိုက်စဥ် စရဖ ရုံးဘက်မှ ပစ်ကူမပေးနိုင်ရန် တပြိုင်နက်တိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း လောင်းလုံး ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။
ယနေ့တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီးတနင်္သာရီ တိုင်းစစ်ဒေသခွဲမှ စစ်ရေးတာဝန်ခံတစ်ဦးက ဖြစ်စဥ်မှန်ကန်ပြီး သတင်းအသေးစိတ် မရရှိသေးကြောင်း People’s Spring သို့အတည်ပြုထားသည်။


















































