ပြည်တွင်း ရွှေတစ်ကျပ်သားကို ကျပ် ၃၁သိန်းခန့်နှင့် အမေရိကန် တစ်ဒေါ်လာကို ကျပ် ၃,၀၀၀ အထိ ပေါက်ဈေးရှိလာကြောင်း ပြည်တွင်းဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
ပြည်တွင်းရွှေဈေးနှင့် ဒေါ်လာဈေးသည် ယခုရက်ပိုင်းအတွင်း အလျှင်အမြန်မြင့်တက်လာခြင်းကြောင့် ဈေးကွက်အလန့်တကြားဖြစ်နေသည်ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ဒီနေ့ တရက်တည်းကို ရွှေတစ်ကျပ်သားကို ကျပ် ၃၀,၀၀၀ ကျော်တက်လာတာ၊ ကမ္ဘာ့ဈေးကြောင့် မဟုတ်ဘူး၊ ပြည်တွင်းက နိုင်ငံရေးကယက်ကြောင့်လို့ ပြောနေကြတယ်”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မေလ ၁ရက်က အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂,၉၈၁,၀၀၀ ၊ အမေရိကန် တစ်ဒေါ်လာကို ၂,၈၇၀ကျပ် ရှိခဲ့ပြီး မေလ ၁၅ ရက် မိုခါမုန်တိုင်းအပြီးတွင် ရွှေဈေးမြင့်တက်ခဲ့ပြီး အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃,၀၂၃,၀၀၀အထိ ရှိခဲ့သည်။ ထိုနောက် ရွှေဈေးနှင့် ဒေါ်လာဈေး တရှိန်ထိုးမြင့်တက်လာပြီး မေလ ၂၆ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားကို ၃,၀၉၂,၀၀၀ ကျပ်နှင့် တစ်ဒေါ်လာကို ကျပ် ၃,၀၀၀ အထိမြင့်တက်လာခြင်း ဖြစ်သည်။
ကမ္ဘာရွှေဈေးမှာ မေလ ၁ ရက်က တစ်အောင်စကို ဒေါ်လာ ၁,၉၇၇ ရှိခဲ့ပြီး မေလ ၂၆ ရက်တွင် တစ်အောင်စကို ဒေါ်လာ ၁,၉၅၂ ရှိသည်။
ဒေါ်လာဈေးနှင့် ရွှေဈေးမြင့်တက်လာခြင်းကြောင့် စစ်ကောင်စီ ထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ယမန့်နေ့တွင် ခြိမ်းခြောက်စာ တစ်စောင်ထုတ်ပြန်ခဲ့သေးသည်။
ထိုခြိမ်းခြောက်စာထဲတွင် ကောလဟာလများဖြင့် ဈေးကစားခြင်းများ၊ ဈေးကွက်ပေါက်ဈေးထက် ပိုမိုရောင်းဝယ်ခြင်းများ မကြာခဏတွေ့နေရသည်ဟု ဆိုထားသည်။ထိုထဲတွင် ပြည်တွင်းဘဏ်များပါဝင်ပတ်သတ်မှုရှိပါက အရေးယူခံရမည်ဟု ခြိမ်းခြောက်ထားသည်။ ထိုပြင် ဈေးကစားသူများကိုလည်း ထိရောက်စွာအရေးယူမည်ဟု ခြိမ်းခြောက်ထားသည်။
“ကျပ်ငွေတန်ဖိုးက သမိုင်းတလျောက် အနိမ့်ဆုံးကျဆင်းလာလို့ လူတွေက ကျပ်ငွေကို မယုံတော့လို့”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
မြန်မာနိုင်ငံ၌ ဇွန်၊ဇူလှိုင်တွင် ဒေါ်လာဈေး၊ ရွှေဈေးမြင့်တက်လေ့ရှိသော်လည်း ယခုဈေးနှုန်းမြင့်တက်ခြင်းသည် စံချိန်တင် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
ထိုပြင် စစ်ကောင်စီက ဒေါ်လာ ၁၀,၀၀၀ အထက်ကို ပြည်ပလွှဲပြောင်းပါက အခွန်ဆောင်ပြီးမှသာ လွှဲပြောင်းရမည်ဖြစ်ကြောင်း ကန့်သတ်ချက်များကိုလည်း မေလဆန်းက ထုတ်ပြန်ခဲ့သေးသည်။
နိုင်ငံတော်အာဏာကို စစ်တပ်ကသိမ်းယူပြီးနောက် ကျပ်ငွေတန်ဖိုးစံချိန်တင်ကျဆင်းခဲ့ပြီး ဒေါ်လာဈေးနှင့် ရွှေဈေးမြင့်တက်လာသည်။ စစ်တပ်အာဏာမသိမ်းခင်က အမေရိကန်တစ်ဒေါ်လာကို ကျပ် ၁,၃၃၅ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားကို ၁,၃၁၆,၀၀၀ ကျပ်သာ ရှိခဲ့သည်။
