ဒီဇင်ဘာ-၂၂၊၂၀၂၅။ဇော်ဝင်း /People’s Spring
ကမ္ဘာ့ရွှေ အတက်စျေးနဲ့အတူ ပြည်တွင်းရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၉၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။
အမေရိကန်ရဲ့ ဒေါ်လာတန်ဖိုးကျဆင်းမှုနဲ့ ဘဏ်အတိုးနှုန်း လျှော့ချမှုတွေအပါအဝင် ကမ္ဘာ့စစ်ရေး စစ်ရေးအခြေအနေတွေက ကမ္ဘာ့ ရွှေစျေးက အတက်ဘက်ကို ရောက်လာတယ်လို့ ဆိုပါတယ်။
ဒီကနေ့(ဒီဇင်ဘာ ၂၂ ရက်)ကမ္ဘာ့ရွှေစျေးက တစ်အောင်စကို ဒေါ်လာ ၄,၄၀၀ဝန်းကျင် ရှိပြီး အရင် တစ်လထက် တစ်အောင်စကို ဒေါ်လာ ၂၅၀ နီးပါး စျေးတက်လာတယ်လို့ သိရပါတယ်။

Public Service Announcement
“တပတ်တာ ကမ္ဘာ့ရွှေစျေးစဖွင့်ပြီးအချိန်ပိုင်းမှာပဲ တစ်အောင်စကို ဒေါ်လာ ၅၀ကျော်ထိ စျေးတက်တာကတော့ အတက်ကြမ်းနေတယ်ပြောရမယ်။စုမယ့်သူရော ရောင်းမယ့်သူတွေအတွက် အကြံပေးချင်တာက ရောင်းတာဝယ်တာ မမှားဖို့ပဲ”လို့ ရွှေအရောင်းအဝယ်လုပ်နေသူတစ်ဦးက ပြောပါတယ်။
ဒီကနေ့ ပြင်ပရွှေစျေးကွက်အရ ၁၆ပဲရည် တစ်ကျပ်သား အရောင်း ကျပ် ၉,၀၇၀,၀၀၀နဲ့ အဝယ် ကျပ် ၈,၉၅၀,၀၀၀ ရှိနေတယ်လို့ သိရပါတယ်။ ၁၅ပဲရည် တစ်ကျပ်သား ရောင်းစျေးက ကျပ် ၈၅ သိန်း နဲ့ ကျပ် ၈၄သိန်း ဝန်းကျင်မှာရှိပါတယ်။
ပြည်တွင်း ရွှေစျေးက တစ်ကျပ်သား သိန်း ၈၀ ကျော်ခဲ့တဲ့ အခုနှစ် ဇွန်လနောက်ပိုင်း စံချိန်အမြင့်ဆုံးစျေးဖြစ်လာပြီး ပြည်တွင်ရွှေ အရောင်း အဝယ်လုပ်နေသူတွေက အသိပေးပါတယ်။
“ရွှေဈေးတက်တာကနိုင်ငံတိုင်းမှာတက်နေတာပါ။မြန်မာငွေ ဖောင်းပွလို့သာ သိန်း ၈၀တို့ သိန်း ၉၀ ကျော်တို့ ဆိုပြီး ကိန်းဂဏန်းကြီးတာ။အဓိကတော့ သာမန်လူတန်းစားတွေက ရွှေ ဆိုင်တွေနား ကပ်ဖို့ဆိုတာ ပိုပိုဝေး လာတယ်”လို့ ရွှေစျေးအကြောင်း လေ့လာနေသူတစ်ဦးက ပြောပါတယ်။
ပြည်တွင်း ရွှေချိန်တွက်ရာမှာ ကျပ်၊ပဲ၊မူး၊ရွေးကိုအသုံးပြုပြီး တကျပ်သား ၀ ဒသမ ၅၂၅ အောင်စ ရှိပါတယ်။အကြမ်းဖျင်းပြည်တွင်းရွှေစျေးကို (ကမ္ဘာ့ရွှေစျေး × တစ်ဒေါ်လာငွေလဲနှုန်း ×၀ ဒသမ ၅၂၅ ) နဲ့ တွက်ချက်နိုင်ပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က ၁၆ ပဲရည် ရွှေတစ်ကျပ်သား ကျပ် ၁၃ သိန်းကျော်ပဲရှိခဲ့တာကနေ အခုအခါ ကျပ်သိန်း ၉၀ ကျော်အထိ သမိုင်းတလျှောက် အမြင့်ဆုံးဈေးဖြစ်လာတာပါ။
နိုင်ငံခြားငွေလဲနှုန်းစျေးကွက်အရ တဒေါ်လာ ပြင်ပပေါက်စျေး အဝယ် ကျပ် ၄,၀၀၀နဲ့ ရောင်းကျပ် ၃,၉၀၀ ဝန်းကျင်ရှိပါတယ်။စစ်တပ်အာဏာမသိမ်းခင် က ၁ ဒေါ်လာ ၁၃၀၀ ကျပ်ကျော် ပဲရှိခဲ့တာဖြစ်ပါတယ် ။

















































