ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်၏ စစ်သုံ့ပန်းနှစ်ဦးအား ဆေးကုသမှုပေးခဲ့သည့် မှတ်တမ်းကို ကရင်နီ Free Burma Rangers အဖွဲ့က ယနေ့(မေလ ၂၈ရက်)က ထုတ်ပြန် သည်။
ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါလျားခူကျေးရွာ အရှေ့ဖက်တောင်ပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီကို ကရင်နီပူးပေါင်းတပ်က မေ ၁၄ရက် မှ၂၃ရက်အထိ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“တနီးလာလဲ ကျေးရွာတိုက်ပွဲရှေ့တန်း၌ စစ်ကောင်စီ တပ်သားတစ်ဦးအပါအဝင် ဒဏ်ရာရ ရဲဘော် များကို ဘေးကင်းအောင်ကုသခဲ့ပေးခဲ့တယ်”ဟု Free Burma Rangers အဖွဲ့က ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၄၀ထက်မနည်းသေဆုံးခဲ့ကာ အရှင်နှစ်ဦး ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က သီးခြားထုတ်ပြန်ထားသည်။

Public Service Announcement

“ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေ ပြောစကားအရ အဲဒီလို ဖြစ်နေတာ။အဓိက ပြောလိုတာ စစ်ကောင်စီအနေနဲ့ သူ့တပ် သားတွေအပေါ် စေတနာမရှိသလို သူတို့အကျိုးစီးပွားအတွက်ပဲ ကြည့်နေတာ။ဒါကြောင့် အောက်ခြေက စစ်ကောင်စီတပ်သားတွေရော မိသားစု တွေအနေနဲ့ အမြန်ဆုံးစွန့်ခွာကြပါ”ဟု KNDF တာဝန်ရှိသူက တိုက်တွန်းသည်။

အလားတူ ၁၀ရက်ကြာ ဒီးမော့ဆို အရှေ့ခြမ်းတိုက်ပွဲ၌ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် မှ ရဲဘော်ရှစ်ဦး ကျဆုံးခဲ့ရသည်။
ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲမှာ တင်းမာနေဆဲ ဖြစ်ပြီး ရှမ်း-ကယား ပြည်နယ်အစပ် မိုးဗြဲ၊ဖယ်ခုံ တို့တွင်လည်း နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသည်။


















































