စစ်တပ်ထောက်ခံသူ အဆိုတော်လီလီနိုင်ကျော် လုပ်ကြံခံရမှုမှာ စွပ်စွဲဖမ်းဆီးထားသူ လူငယ် ၂ ဦး ထွက်ပြေးဖို့ ကြံစည်တာကြောင့် ပစ်သတ်လိုက်တယ်လို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ အသီးသီးရေးသားဖော်ပြလာကြပါတယ်။
လူငယ် ၂ ဦး ဖမ်းခံရပြီး တစ်လကျော်အကြာ မှာ သက်သေခံပစ္စည်းတွေလိုက်ပြခိုင်းချိန် ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားတာကို စစ်ကောင်စီလုံခြုံရေးအဖွဲ့ထံကသိရတယ်ဆိုပြီး ဖော်ပြထားကြတာပါ။
သက်သေခံပစ္စည်းတွေကို ဇူလိုင်လ ၆ ရက်နေ့ ညပိုင်းက ရန်ကုန်၊ မြောက်ဒဂုံမြို့နယ် ၊အမှတ် ၂၉ ရပ်ကွက် ၊မောင်းမကန်လမ်းမကြီးဘေးမှာ သွားရောက်ရှာဖွေချိန် ထွက်ပြေးတာလို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေရဲ့ဖော်ပြချက်မှာတွေ့ရပါတယ်။

Public Service Announcement
ပစ်ခတ်မှုကြောင့် ကိုကောင်းဇာနည်ဟိန်းရဲ့ ကျောနောက်ဖက် ၊ ခါးနောက်ဖက်နဲ့ ဇက်ပိုးမှာ သေနတ် ၃ ချက်မှန်ခဲ့သလို ကိုကျော်သူရ ဟာလည်း ဇက်ပိုး၊ နောက်ကျော နဲ့ ဆီးခုံတို့မှာ ၃ချက် ထိမှန် ပြီး သေဆုံးခဲ့တယ်လို့ ဖော်ပြကြပါတယ်။
အခုလို စစ်တပ်က ပစ်သတ်လိုက်တဲ့ လူငယ် ၂ဦးဟာ အသက် ၂၃ နှစ်နဲ့ အသက် ၃၀ အရွယ်ရှိကြသူတွေပါ။
သူတို့ ၂ ဦးဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက စစ်တပ်ထောက်ခံသူ အဆိုတော် လီလီနိုင်ကျော်ကို ရန်ကုန်မှာ လုပ်ကြံသူတွေလို့ စွပ်စွဲဖမ်းခံရတာပါ။
စွပ်စွဲဖမ်းခံရသူ ၂ ဦးအနက် ကိုကောင်းဇာနည်ဟိန်း ရဲ့ မိခင်နဲ့ အမ ဝမ်းကွဲတို့ဟာ ကိုကောင်းဇာနည်ဟိန်း ဖမ်းခံရပြီး ၂ ရက်အကြာမှာပဲ ရန်ကုန်မြို့ ၊ထန်းတပင်မြို့နယ်က နေအိမ်မှာ လူတစ်စုရဲ့ ပစ်ခတ်သတ်ဖြတ်တာကိုခံရပါတယ်။
လီလီနိုင်ကျော် သတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ကိုထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေ မှာ လက်စားချေသတ်ဖြတ်ကြဖို့ လှုံဆော်ရေးသားတွေ ရှိခဲ့ပါတယ်။
