တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ အလယ်စခန်းအနီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃၅ဦးသေဆုံးပြီး ၁၅ဦးဒဏ်ရာရရှိကြောင်း ပူးပေါင်းစစ်ကြောင်းတွင်ပါဝင်သည့် ရေးပြောက်ကျားတပ်ဖွဲ(YGF)မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဇူလိုင် ၁၈ ရက်က ရေဖြူနယ် အလယ်စခန်းအနီး အင်အား ၂၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပူပေါင်းစစ်ကြောင်းဖြစ်သည့် KNLA တပ်ရင်း(၂၇)တပ်ခွဲ(၂)နှင့် YGF – ရေးပြောက်ကျားတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ပွဲသည် ယင်းနေ့(ဇူလိုင် ၁၈)နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီဘက်မှ ထိုကဲ့သို့ထိခိုက်ခဲ့ခြင်းဟု YGF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“(စစ်ကောင်စီတပ် ထိခိုက်သေဆုံးစာရင်း)ဟုတ်ကဲ့ မြေပြင်အတည်ပြုတာပါ။ အတည်ပြုချက်ကို KNLA နဲ့ အတည်ပြုချက်ယူပြီထုတ်ပြန်တာပါ”ဟု ၎င်းပြန် ကြားရေးတာဝန်ခံက ရှင်းပြသည်။ သို့သော် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုအပေါ် လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

Public Service Announcement
အထက်ပါ အလယ်စခန်းအနီး ထိတွေ့တိုက်ပွဲတွင် ပူပေါင်းစစ်ကြောင်းဘက်မှ YGF-ရေးပြောက်ကျား တပ်ဖွဲ့ဝင် ရဲဘော်စောမွန်လေး မြင့်မြတ်စွာကျဆုံးခဲ့ပြီး KNLAတပ်ရင်း(၂၇)၊ တပ်ခွဲ(၂)မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဇူလိုင် ၁၈ရက် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်စစ်ကြောင်းသည် ရေဖြူနယ် အလယ်စခန်းအနီးမှ ပြန်လည်ဆုတ်ခွာခြင်းမရှိသေးသောကြောင့် ယနေ့(ဇူလိုင် ၂၁)အထိ တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာဆဲဖြစ်ကြောင်း YGFထံမှ စုံစမ်းသိရသည်။
