ရွှေကျင် – ညောင်လေးပင်လမ်းပိုင်းတစ်နေရာတွင် လမ်းပိုင်းစစ်ဆေးမှုများလုပ်ဆောင်နေစဥ် စစ်ကောင်စီ၏ နယ်ထိန်းရဲတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း အမှတ်(၂)စစ်ဒေသခွဲ၊တောင်ပိုင်းတိုင်းစစ်ဒေသ၏ ရိုးမဗျူဟာစစ်ကြောင်းတစ်ခုဖြစ်သော Royal Peacock Column မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့(သြဂုတ် ၁၁) ရွှေကျင် – ညောင်လေးပင်လမ်းပိုင်း၌ အမှတ်(၂)စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၏ ရိုးမဗျူဟာစစ်ကြောင်းများဖြစ်သော Royal Peacock Column၊ Spring Warriors Column၊ (၃၇၀၂)တပ်ရင်းများက ရှောင်တခင်စီးနင်းစစ်ဆေးမှုများပြုလုပ်စဥ် စစ်ကောင်စီ ရဲတစ်ဦးကို ဖမ်းဆီးစစ်ဆေးနိုင်ခဲ့ခြင်းဖြစ်သည်။
“ဒီနေ့မစ်ရှင်ကတော့ မဒေါက်ရဲစခန်းမှာ တာဝန်ကျနေတဲ့ နယ်ထိန်းကို ဖမ်းဆီးထိန်းသိမ်းတာပေါ့နော်။ ဖမ်းဆီးထိန်းသိမ်းတာမှာ ဖရဲသီးရဲ့ တိကျခိုင်မှာတဲ့သတင်းပေးမှုအရ တိတိကျကျကို ဒီလမ်းမှာဖြတ်မယ်၊ဘယ်အချိန်၊ ဘယ်ကားနဲ့ဖြတ်မယ်ဆိုတဲ့သတင်းရတဲ့အချိန်မှာ ကျနော်တို့ လမ်းပေါ်တက်ပြီး ဖမ်းဆီးထိန်းသိမ်းလိုက်တာပါ”ဟု Royal Peacock Column မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖမ်းဆီးရမိသည့် ရဲမှာ အောင်ကိုကိုနိုင်အမည်ရှိ နယ်ထိန်းရဲတာဝန်ယူထားသူတစ်ဦးဖြစ်ပြီး ၎င်းသည် မဒေါက်ရဲစခန်းတွင် တာဝန်ကျနေသော ရဲတစ်ဦးဖြစ်ကာ ပြည်သူလူထုနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား အစဉ်တစိုက် ဒုက္ခပေးနေသူအဖြစ် စစ်ဆေးသိရှိရကြောင်း အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement
အဆိုပါ နယ်ထိန်းရဲအား စစ်ဆေးစဥ် ၎င်း၏ထွက်ဆိုချက်များ၊ လက်ကိုင်မိုဖုန်းရှိ အချက်အလက်များအရ ပြည်သူလူထုအား ခြိမ်းခြောက်၍ သတင်းပေးများလုပ်ခိုင်းခြင်း ၊ ငွေညှစ်ခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား ထောင်ချောက်ဆင် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း စီစစ်တွေ့ရှိရသည်ဟု Royal Peacock Columnက အသိပေးသည်။
ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သော စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲကိုကိုအောင်နှင့်စပ်လျဥ်း၍ မည်သို့ဆက်လက်ဆောင်ရွက်မည်ကို လတ်တလောတွင် ထုတ်ဖော်ပြောဆိုရန် မရှိသေးကြောင်း Royal Peacock Column မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြန်လည်ဖြေကြားထားသည်။


















































