လက်နက်အချို့ရ၊ ချင်းပူးပေါင်းတပ်မှ ရဲဘော် လေးဦးကျဆုံး
ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ထန်တလန်၊ CDF-ဇိုဖေတပ်များပူးပေါင်းပြီး စစ်ကောင်စီတပ်ကို စစ်ဆင်ရေးလုပ်ဆောင်ခဲ့ရာ ၁လကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးသေဆုံးခဲ့ကြောင်း CDF ထန်တလန်က သတင်းထုတ်ပြန်သည်။
Tilim Operation 2 အမည်ဖြင့် စစ်ဆင်ရေးတစ်ရပ်ကို ဇူလိုင် ၁၁ရက် ညပိုင်းမှစတင်ခဲ့ခြင်းဖြစ်ပြီး ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ ခြေကုပ်နေရာယူစခန်းချထားသည့် နေရာများသို့ တိုက်ပွဲဖော်ဆောင်ခဲ့သည်ဟု အသိပေးသည်။
စစ်ဆင်ရေးကာလ ရက်ပေါင်း ၃၇ရက်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဘက်က ၁၅ဦးသေဆုံးပြီး ၃၀ကျော် ဒဏ်ရာရခဲ့သည့်အပြင် နှစ်ဦးကို အရှင်ဖမ်းနိုင်ခဲ့သည်ဟုဆိုသည်။
ဇူလိုင် ၁၂ရက်တွင် ခလရ(၂၆၉)မှတပ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် ပြည်သူ့ဘက်တော်သားအဖြစ် ပူးပေါင်း အလင်းဝင်လာသည်ဟု ထုတ်ပြန်သည်။

Public Service Announcement
စစ်ကောင်စီတပ်ထံမှ လက်နက် ၃လက်၊ RPG ၂လက် ၊ ကျည်ဆံနှင့် ဗုံးများ သိမ်းနိုင်ခဲ့ကြောင်း အသိပေးသည်။
တိုက်ပွဲအတွင်း ထန်တလန် CDFတပ်ဖွဲ့ဝင် တစ်ဦး၊ CDF-ဇိုဖေတပ်ဖွဲ့ဝင် သုံးဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။
စစ်ဆင်ရေးကာလအတွင်း ချင်းပြည်နယ် ထန်တလန်မြို့၌ စစ်ကောင်စီတပ်သား ၁၆၀ခန့် နေရာယူကာကွယ်ထားသည့် ခလရ(၂၆၉) ပင်မစခန်းကို ဩဂုတ် ၁၄ရက်နံနက်တွင် စတင်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ခွဲစခန်းတစ်ခုကို သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။
ယင်းတိုက်ပွဲသည် နံနက် ၁၀နာရီအထိကြာမြင့်ခဲ့ပြီး ယင်းတိုက်ပွဲဖြစ်ပွားချိန်အတွင်း၌ပင် စစ်ကောင်စီတပ်သားများနေရာယူထားသည့် ဟာခါး – ထန်တလန်မြို့အကြား အော်တို တောင်ကြော၊ TBC၊ TABC စသည့်နေရာများ၌ တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း ထုတ်ပြန်သည်။
စစ်ကောင်စီတပ်က အင်အားထပ်မံတိုးမြှင့်လာသည့်အတွက် တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း အသိပေးထားပြီး အများပြည်သူများ အနေဖြင့် အသွားအလာ အနေအထိုင် ဆင်ခြင်သတိပြုပေးရန် အသိပေးထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်က တိုက်ပွဲအတွင်း အရပ်သားပြည်သူများနေထိုင်ရာသို့ လေကြောင်း တိုက်ခိုက်ခဲ့၍ ခရစ်ယာန်ဘုရားကျောင်းနှင့် လူနေအိမ်များ ပျက်စီးမှု ရှိခဲ့ကြောင်းလည်း အသိပေးသည်။


















































