Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီဖန်တီးထားမှု အထူးစိုးရိမ်ဟု NLD ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် ရန်ကုန်မြို့ UN ရုံးရှေ့၌ ဆန္ဒပြတောင်းဆိုနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁၇ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - PS

မောင်မောင်၊ ထားအိ/People’s Spring

ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားသည့် စစ်ကောင်စီက ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြားခံတစ်ဦးအဖြစ် ပြန်ပေးဆွဲထားသလို လျှို့ဝှက်ထားသောနေရာများတွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး ရပိုင်ခွင့်အခွင့်အရေးကိုမျှမပေးပဲ ချုပ်နှောင်ထားခြင်းနှင့် အသက်အန္တရာယ် ရှိစေရန် ရည်ရွယ်ဖန်တီး ထားခြင်းအပေါ် အထူးစိုးရိမ်ပူပန်မိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက ယနေ့ ထုတ်ပြန်လိုက်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုက ဥပဒေမဲ့ မတရားဖမ်းဆီးထားခြင်းနှင့်ပတ်သက်၍ NLDက ယနေ့ စက်တင်ဘာ ၁၄ရက်တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“လုံလောက်သောကျန်းမာရေး စောင့်ရှောက်မှု မရရှိသည့်အပြင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာနှင့်နေရာထိုင်ခင်းတို့ကို သင့်တင့်မျှတအောင် ဆောင်ရွက်မထားပဲ အသက်အန္တရာယ်ရှိစေရန် ရည်ရွယ်ဖန်တီးထားသည့်အတွက် အထူးပင်စိုးရိမ်ပူပန်မိပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး တစ်စုံ တစ်ရာချို့ယွင်းမှုသာမက အသက်အန္တရာယ်ကိုပါ ထိခိုက်မှုဖြစ်ပေါ်လာပါက အာဏာသိမ်းစစ်ကောင်စီတွင်သာ လုံးဝတာဝန် ရှိပါသည်”ဟုလည်း NLDက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

လူထုခေါင်းဆောင်လည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈မှစတင်၍ မြန်မာပြည်သူလူထု၏ အကျိုးစီးပွားနှင့် ဒီမိုကရေစီရေးအတွက် အခက်အခဲအကြပ်အတည်းပေါင်းစုံကြားမှ ယုံကြည်ချက်ရှိရှိ တစိုက်မတ်မတ် မဆုတ်မရွံ့စွာ ရပ်တည်ဆောင်ရွက်ခဲ့သည်မှာ အချိန်ကာလအားဖြင့် (၃၅)နှစ်တိုင် ရှိပြီဖြစ်ပြီး အသက်အရွယ်အားဖြင့် (၇၈)နှစ်အရွယ်ရှိလာပြီဖြစ်၍ ကိုယ်စိတ်နှစ်ပါးကျန်းမာရေးကို အထူးအလေးထားရမည့် အရွယ်ဖြစ်ကြောင်း အသိပေးထားသည်။

ဥပဒေမဲ့မတရားဖမ်းဆီးထားပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ခုခံချေပခွင့် ကောင်းစွာမရရှိ သည့်အပြင် ၊ အများလူထုရှေ့မှောက်တွင် ပွင့်လင်းမြင်သာသည့် တရားစီရင်ရေးစနစ်ကို လုံးဝမကျင့်သုံးပဲ လူထုမျက်ကွယ်တွင် မတရားပြစ်ဒဏ်များ ချမှတ်ခံထားရကြောင်း၊ ထိုသို့ မတရားပြစ်ဒဏ်များ ချမှတ်ခံထားရသော်လည်း မြန်မာပြည်သူလူထုသာမက နိုင်ငံတကာ ခေါင်းဆောင်များကပါ ဒေါ်အောင်ဆန်း စုကြည်သည် ပြစ်ဒဏ်များကို လုံးဝမကျူးလွန်ကြောင်း အပြည့်အဝယုံကြည်ထားကြောင်း ဖော်ပြသည်။

ထို့ကြောင့် ကုလသမဂ္ဂ၊ အနောက်ဥရောပနိုင်ငံများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံ များက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ကျန်းကျန်းမာမာဖြင့် အမြန်လွတ်မြောက်လာအောင် စစ်ကောင်စီထံသို့ ပုဂ္ဂိုလ်ရေးချဉ်းကပ်ဆောင်ရွက်သည့် နည်းလမ်းအပါအဝင် အခြားနည်းလမ်း ပေါင်းစုံတို့ဖြင့်လည်း လွတ်မြောက်ရေးလမ်းစကို ရှာဖွေနေကြသည်ကိုတွေ့ရှိရကြောင်း ထုတ်ပြန်သည်။

တိုင်းပြည်အကျိုးအတွက် စိတ်ကောင်းစေတနာအပြည့်အဝဖြင့် မိမိ၏အသက်ကိုပင်မငဲ့ကွက်ဘဲ မှန်ကန်စွာရပ်တည်နေသည့် NLD ခေါင်းဆောင်နှင့် နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံး ခြွင်းချက်မရှိလွတ်မြောက်စေရန် ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံအသိုက်အဝန်းနှင့် အိမ်နီးနားချင်းနိုင်ငံ ခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပ တော်လှန်ရေးအင်အားစုများက ကြိုးပမ်း အားထုတ်နေမှုများကို အလေးထားအသိအမှတ်ပြုကြောင်း ဖော်ပြကာ ဆက်လက်၍လည်း ယခုထက် ပိုမိုအားကောင်းသော တွန်းအားဖြင့် ဝန်းရံတိုက်တွန်းပေးကြပါရန် NLDက တောင်းဆို မေတ္တာရပ်ခံထားသည်။

NLD ဗဟိုအလုပ်ကော်မတီနှင့် နီးစပ်သူတစ်ဦးက လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားအဆက်အသွယ်မရှိဘဲ အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အားလုံးနှင့် အဆက်အသွယ်ဖြတ်တောက်ထားသည့် အခြေအနေဟု နားလည်ကြောင်းနှင့် စိုးရိမ်မှုမြင့်တက်နေသည့်အတွက် ယခုကဲ့သို့ ပါတီအနေဖြင့် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု မှတ်ချက်ပြုသည်။

“တာဝန်ရှိတာတော့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတတည်းက တာ၀န်ရှိတာပေါ့ဗျာ။ ဒါကို(စစ်ကောင်စီ)မေ့မှာစိုးလို့ မင်းတို့မှာ တာ၀န်အရှိဆုံးဆိုတာ ထပ်ပြောနေရတာ။ နိုင်ငံတကာအနေနဲ့ လုပ်နိုင်သမျှတော့ လုပ်ဆောင်နေတာလို့ နားလည်ထားပါတယ်။ ဒါပေမဲ့ ပိုပြီးထိရောက်တဲ့နည်းလမ်းကို စဥ်းစားရမှာပေါ့နော်”ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။