ရန်ကုန်မြို့ ၊ အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရှိ စစ်တပ်ပိုင် အင်းဝဘဏ်အနီးတွင် ယမန်နေ့ (စက်တင်ဘာ ၃၀) ညပိုင်း၌ ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။
“ည ၇ နာရီခွဲလောက်က စော်ဘွားကြီးကုန်းလမ်းဆုံနားမှာ ဗုံးပေါက်သံ အကျယ်ကြီး တစ်ချက်ကြားလိုက်ရတယ်။ အသံက တော်တော်ကျယ်တယ်။ အင်းဝဘဏ်နဲ့ မော်တော်ပီကယ်ရုံးနားက မြောင်းနားမှာ ပေါက်တာလို့ သိရတယ်။ လူထိခိုက်မှု ရှိ၊ မရှိတော့ မသိရသေးဘူး” ဟု အင်းစိန်မြို့နယ်နေပြည်သူတစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စော်ဘွားကြီးကုန်း ပန်းခြံအနီးနှင့် အင်းစိန်လမ်းမတလျောက်တို့တွင် စစ်ကောင်စီ၏ ကင်းလှည့်ကားများ လှည့်ပတ်စစ်ဆေးနေကြောင်း ရပ်ကွက်နေပြည်သူအချို့က ဆိုသည်။
ထို့အပြင် ယနေ့ည ၇ နာရီခွဲကျော်တွင် မြောက်ဒဂုံ၊ မရမ်းကုန်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပမြို့နယ်၊ ယနေ့ည ၉ နာရီကျော်တို့တွင် လှိုင်နှင့် မရမ်းကုန်းမြို့နယ်တို့၌ ဗုံးပေါက်ကွဲသံများ ကျယ်လောင်စွာကြားလိုက်ရကြောင်း တော်လှန်ရေးသတင်းများ တင်ဆက်နေသည့် Rangoon Scout Network က ဖော်ပြထားသည်။
