Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြို့သုံးမြို့စစ်အုပ်ချုပ်ရေးကြေညာသည့် စစ်ကောင်စီလုပ်ရပ် ဟိုင်ဂင်အပစ်ရပ်စဲရေး အခက်အခဲဖြစ်လာနိုင်ဟု ညီနောင်သုံးဖွဲ့ အသိပေး

စစ်ကောင်စီ၏ လုပ်ရပ်မှာ ရရှိထားသည့် ဟိုင်ဂင်အပစ်ရပ်စဲရေး အကောင်အထည်ဖော်ရာတွင် အခက်အခဲ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ဖော်ပြ သည်။

မူဆယ်မြို့ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ရှေ့တွင် တွေ့ရသော မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှ ရဲဘော်များ။(ဓာတ်ပုံ - AA)
မူဆယ်မြို့ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ရှေ့တွင် တွေ့ရသော မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှ ရဲဘော်များ။(ဓာတ်ပုံ - AA)

ရှမ်းမြောက်ဒေသရှိ နမ္မတူ၊ မန်တုံနှင့် နမ့်ဆန်မြို့နယ်တို့အား အာဏာသိမ်းစစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခြင်းအပေါ် တအာင်းတပ်မတော်(TNLA)၊ ကိုးကန့် တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော်(AA) ညီနောင် မဟာမိတ် သုံးဖွဲ့က ယနေ့ ကြေညာချက် ထုတ် ပြန်ခဲ့သည်။

စစ်ကောင်စီ၏ လုပ်ရပ်မှာ ရရှိထားသည့် ဟိုင်ဂင်အပစ်ရပ်စဲရေး အကောင်အထည်ဖော်ရာတွင် အခက်အခဲ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ဖော်ပြ သည်။

ညီနောင်သုံးဖွဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းအပြည့်အဝထိန်းချုပ်ထားပြီးဖြစ်သည့် မြို့များထဲမှ မြို့သုံးမြို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးဥပဒေ ကျင့်သုံးမည် ဖြစ်ကြောင်း မတ်လ ၄ရက်တွင် ကြေညာခဲ့သည့်အပေါ် ယခုကဲ့သို့ သဘောထား တုံ့ပြန်ချက်ကို ညီနောင်သုံးဖွဲ့က မတ်လ ၆ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုသို့ ကြေညာလိုက်ခြင်းသည် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား သဘောတူထားသည့် ဟိုင်ဂင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား လက်တွေ့အကောင်အထည် ဖော်ဆောင်ရာတွင် အခက်အခဲများဖြစ်ပေါ်လာနိုင်မည်ကို အထူးစိုးရိမ်မိကြောင်း၊ နယ်စပ်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲမှု ခိုင်မာရေးတို့အပြင် ဟိုင်ဂင်သဘောတူညီချက် စာချုပ်တွင်ပါသော အခြားသောအချက်အလက်များကို တစ်ဆင့်ပြီးတစ်ဆင့် ညှိနှိုင်းအကောင်အထည်ဖော်နေသည့်ကာလအတွင်း စစ်အုပ်ချုပ်ရေး ကြေညာသည့်လုပ်ရပ်သည် ဒေသတွင်း မိဘပြည်သူများအား ခြိမ်းခြောက်သည့် လုပ်ရပ်ဖြစ်ကြောင်း ဖော်ပြသည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့သည် ယခုနှစ် ဇန်နဝါရီ ၁၁ရက်တွင် ဟိုင်ဂင်သဘောတူညီချက်ကို နှစ်ဖက်အပစ်အခတ်ရပ်စဲသည့်အနေဖြင့် အသိသက်သေများရှေ့မှောက်တွင် လက်မှတ်ရေးထိုးပြီး အပစ်အခတ်ရပ်စဲခဲ့ခြင်းဖြစ်သည်။

ဟိုင်ဂင်သဘောတူညီချက်အရ မြန်မာနိုင်ငံ၏ ရှမ်းမြောက်ဒေသတွင် ပစ်ခတ်တိုက်ခတ်မှုများ ရပ်စဲသွား ရမည်။ ထိုမှတစ်ဆင့် တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်အေးချမ်းရေးနှင့် မြောက်ပိုင်းဒေသအတွင်း ပြည်သူလူထုများ စစ်ဘေးဒဏ်မှ ပြန်လည်ထူထောင် နိုင်ရေးတို့အတွက် ဆက်လက်ဆွေးနွေးညှိနှိုင်းပြီး ခိုင်မာသော အပစ်ရပ်ရေးလုပ်ငန်းစဉ်များဖော်ဆောင်နိုင်ရန် ကတိပြုခဲ့ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

ဟိုင်ဂင်သဘောတူညီချက်ကို အကောင်အထည် ဖော်ခြင်း၊ သုံးသပ်ဆွေးနွေးခြင်းများပြုလုပ်နိုင်ရန်အတွက် စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် တရုတ်နိုင်ငံ၏ စီစဉ်ပေးချက်အရ ပုံမှန်တွေ့ဆုံပွဲများကို တစ်ခုပြီးတစ်ခုကျင်းပခဲ့ကြသည်မှာ ယခုတစ်ကြိမ်ဆိုလျှင် စတုတ္တအကြိမ်မြောက်သို့ပင် ရောက်ရှိလာကြောင်း ဖော်ပြသည်။

နောက်ဆုံးဆွေးနွေးပွဲမှာ ဖေဖော်ဝါရီ ၂၉ရက်မှ ယခု မတ်လ ၁ရက်အထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခု TNLA ထိန်းချုပ်ထားသည့် မြို့သုံးမြို့ကို စစ်အုပ်ချုပ်ရေးကြေညာသည့် စစ်ကောင်စီလုပ်ရပ်သည် ဟိုင်ဂင်သဘောတူညီချက်ကို အခက်အခဲဖြစ်စေနိုင်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ထပ်လောင်း အသိပေးသည်။

ရှမ်းမြောက်တိုက်ပွဲများ၌ စစ်မြေပြင်သို့ ကွင်းဆင်းသတင်းယူနေသည့် တအာင်းဒေသခံသတင်းထောက်တစ်ဦးကလည်း ညီနောင်မဟာမိတ်များ သိမ်းထားသည့် ရှမ်းမြောက် မြို့နယ်များအနက် တအာင်းဒေသရှိ မြို့သုံးမြို့အား စစ်အုပ်ချုပ်ရေး ကြေညာမှုသည် စဉ်းစားစရာ ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်တွင် သုံးသပ်ရေးသားထားသည်။

” သေချာတာက တရုတ်ဆွေးနွေးပွဲရဲ့ နောက်ဆက်တွဲလို့ ဆိုရပါမယ်။ အခြေနေကို ခြုံသုံးသပ်ရင် ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှာ ကောင်းမွန်တဲ့ အဖြေရလဒ်မထွက်ဘူးဆိုတာကို သုံးသပ်ရပါမယ်။ အဲထဲမှာမှ ဘာလို့ တအာင်းဒေသကိုပဲ ရွေးပြီးအခုလိုလုပ်ရလဲဆိုတာ ကာယကံရှင်တွေသာ ပိုသိမှာဖြစ်ပြီး သေချာတာကတော့ ဆွေးနွေးပွဲမှာ အငြင်းပွါးမှု ဆွေးနွေးရင်း ပွတ်တိုက်မှုတွေကြောင့် စကစက တအာင်းဒေသကို ပညာစမ်းပြတဲ့ သဘောပါ။စစ်အုပ်ချုပ်ရေးကြေညာတော့ စစ်ပွဲဖြစ်နိုင်မလားဆိုတာကတော့ လတ်တလောတော့ မဖြစ်နိုင်သေးပါဘူး။ တရုတ်က အသေချာစောင့်ကြည့်နေလို့ စစ်ပွဲလွယ်လွယ်မစနိုင်ပါဘူး”ဟု ၎င်းက ရေးသားထားသည်။

‘၁၀၂၇ စစ်ဆင်ရေး’ကာလအတွင်း သိမ်းပိုက်ရရှိထားသည့် တအာင်းဒေသရှိ မြို့ ခုနစ်မြို့ရှိရာ စစ်ကောင်စီမှ တအာင်းမြို့အချို့အား စစ်အုပ်ချုပ်ရေး ကြေညာကာ ဒေသခံလူထုများအား ထိတ်လန့်စေရန် ဆောင်ရွက်လာကြောင်း TNLA ကလည်း ယနေ့ ထုတ်ပြန်ထားသည်။

သိမ်းထားသည့် မြို့များ၌ တည်ငြိမ်တိုးတက်မှုများ ရရှိလာပြီဖြစ်ကြောင်း TNLAက အသိပေးပြီး စစ်ဆင်ရေးအတွင်း ၎င်းတို့ ထုတ်ပြန်ခဲ့သည့် ညမထွက်ရ အမိန့် အပါအဝင် ကန့်သတ်ချက်များကို ပြန်လည်ရုတ်သိမ်းလိုက်ကြောင်း TNLAက ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

‘၁၀၂၇ စစ်ဆင်ရေး’အတွင်း ကွတ်ခိုင်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ နမ့်ဆန်၊ နမ့်ခမ်း၊ မိုင်းလုံ မြို့များနှင့် စစ်ကောင်စီ တပ်စခန်း ၈၀ကျော်ကို TNLAက သိမ်းပိုက်ခဲ့သည်။

TNLA အနေဖြင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေးနှင့် စီမံအုပ်ချုပ်သည့် လုပ်ငန်းများ လည်ပတ်စေရန်အတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၊TNLA က ဦးဆောင်အုပ်ချုပ်သည့် မြို့ရွာဒေသများတွင် တရားဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ကျားဖြန့် အပါအဝင် လောင်းကစားများ ကင်းစင်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး အတွက် မျှတသည့် ဥပဒေနှင့် စီမံအုပ်ချုပ်မှုတို့ဖြင့် ကြိုးပမ်း အကောင်အထည်ဖော်နေကြောင်း အသိပေးသည်။

ထို့ပြင် ယခုအချိန်တွင် လုံခြုံရေးစီမံချက်များကို စနစ်တကျ ပြင်ဆင်ဖော်ဆောင်ထားပြီး ဒေသတွင်း စီမံအုပ်ချုပ်ရေး လုပ်ငန်းများကို ထိုက်သင့်စွာ လည်ပတ်နေပြီဖြစ်ကြောင်း TNLAက ထုတ်ပြန်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် မြို့နယ် ၆၁ မြို့နယ်ရှိရာ ယခု ၂၀၂၄တွင် ၅မြို့နယ် ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းတို့မှာ ရှမ်းမြောက်ဒေသရှိ မန်တုံ၊ နမ္မတူ၊ နမ့်ဆန်၊ မိုးမိတ်၊ မဘိမ်းမြို့နယ်များဖြစ်သည်။ မဘိမ်းမြို့နယ်ကို KIAက သိမ်းပိုက်ထိန်းချုပ်ထားသည်။ မိုးမိတ်မြို့ကိုလည်း KIAက ထိုးစစ်ဆင်ခဲ့ရာ သိမ်းပိုက်နိုင်မည့် အခြေအနေတွင် TNLA၏ ကန့်ကွက်မှုကြောင့် တပ်များ ပြန်ဆုတ်ထားရာ စစ်ကောင်စီက ပြန်လည်နေရာယူထားခြင်းဖြစ်သည်ဟု ကချင်သတင်းရင်းမြစ် အချို့က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။