Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကွတ်ခိုင်ရှိ KIO/KIA ရုံး မနက်ဖြန်နောက်ဆုံးထားဖယ်ပေးရန် TNLA ပြောလာဟု ကချင်စစ်ရေး သတင်းရင်းမြစ်ပြော

TNLAဘက်က ပြောကြားလာသည့် ဖြစ်စဉ်မှာ မှန်ကန်သော်လည်း ဖယ်ပေးမည်မဟုတ်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

(ကွတ်ခိုင်မြို့ရှိ KIA ဆက်ဆံရေးရုံးနှင့် သစ်တော ဆိုင်းဘုတ်တို့ ဖျက်ဆီးခံထားရသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - TheKachinSubStateMedia/DG)
(ကွတ်ခိုင်မြို့ရှိ KIA ဆက်ဆံရေးရုံးနှင့် သစ်တော ဆိုင်းဘုတ်တို့ ဖျက်ဆီးခံထားရသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - TheKachinSubStateMedia/DG)

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)ဆက်ဆံရေးရုံး နှင့် KIAတပ်ဖွဲ့ဝင်များကို မနက်ဖြန် ဧပြီ ၁၅ရက် နောက်ဆုံးထားပြီး ကွတ်ခိုင်မြို့မှ ထွက်ခွာရန် တအာင်းတပ်မတော်(TNLA) ဘက်ကလာပြောသွားသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က အတည်ပြုသည်။

ဧပြီ ၁၀ရက်တွင် TNLA မှ ဗိုလ်ရွှေတောနှင့် နယ်မြေခံ အုပ်ချုပ်ရေးမှူးဆိုသူ နှစ်ဦးသည် ကွတ်ခိုင် KIA ဆက်ဆံရေးရုံးသို့ ရောက်လာပြီး ယခုကဲ့သို့ သတိပေးလာသည့်အပြင် KIA ရုံးတွင် လွှင့်ထူထားသော ကချင်အမျိုးသားအလံကို ဖြုတ်ချရန် ပြောဆိုသွားသည်ဟုThe Kachin Sub-State Mediaက ဖော်ပြခဲ့သည်။

(ကွတ်ခိုင်မြို့ရှိ KIA ဆက်ဆံရေးရုံးနှင့် သစ်တော ဆိုင်းဘုတ်တို့ ဖျက်ဆီးခံထားရသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - TheKachinSubStateMedia/DG)
(ကွတ်ခိုင်မြို့ရှိ KIA ဆက်ဆံရေးရုံးနှင့် သစ်တော ဆိုင်းဘုတ်တို့ ဖျက်ဆီးခံထားရသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – TheKachinSubStateMedia/DG)

ထို့ပြင် ဧပြီ ၁၂ရက်တွင်လည်း TNLA အမှတ်(၃၃၅)တပ်ရင်းမှ ဗိုလ်သန်းအောင်နှင့် အမှတ်(၂၂၃) တပ်ရင်းမှ ဗိုလ်အိုက်နိုင်တို့ နှစ်ဦးကလည်း ကွတ်ခိုင်မြို့အတွင်းရှိ KIA ဆက်ဆံရေးရုံးနှင့် တပ်ဖွဲ့ဝင်များ ဧပြီ ၁၅ရက် နောက်ဆုံးထားပြီး အပြီးထွက်ခွာရန် ဒုတိယအကြိမ်ထပ်မံ သတိပေးပြောဆိုခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယင်းသို့ TNLAဘက်က ပြောကြားလာသည့် ဖြစ်စဉ်မှာ မှန်ကန်သော်လည်း ဖယ်ပေးမည်မဟုတ်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

” ဘာကြောင့် မသိပါ။ မဖယ်ပါဘူး”ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ KIA ရုံးဖယ်ရှားခိုင်းခြင်းမှာ TNLA ထိပ်ပိုင်းခေါင်းဆောင်များ၏ သဘောထား ဟုတ်၊ မဟုတ် မပြောနိုင်သေးဟုလည်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“အထက်က ဖယ်ခိုင်းတာလည်း ဖြစ်နိုင်တယ်” ဟု ၎င်းက ဆက်လက် ပြောသည်။

ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက် ပြီး TNLAက သိမ်းပိုက်ထားသော်လည်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရှိ စစ်ကောင်စီတပ်ကိုလည်း KIAက သိမ်းပိုက်ထားသည်။

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက တော်လှန်ရေးအဖွဲ့အချင်းချင်း ပွတ်တိုက်မှုများကို စစ်ရေးဖြင့်ဖြေရှင်းရန် ဆန္ဒမရှိဘဲ သမိုင်းကြောင်း အခြေခံပြီးဆွေးနွေးဖြေရှင်းရန် ဆန္ဒရှိကြောင်း ယခုနှစ် ဖေဖော်ဝါရီ ၅ရက်တွင် ကျရောက်သည့် KIAတည်ထောင်ခြင်း ၆၃ နှစ်ပြည့်နေ့ မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် တော်လှန်ရေးကာလ၌ နေရာတစ်ခုတည်း၌ ပူးပေါင်းပြီး နေထိုင်တော်လှန်နေသည့် ကာလဖြစ်၍ အချင်းချင်း ပွတ်တိုက်မှု ရှိခဲ့သည့် အခြေအနေအပေါ် KIO/KIA၏ သဘောထားကိုလည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက အသိပေးခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ကချင်ဘာသာနှင့် ပြောကြားခဲ့သည့် KIO ဥက္ကဋ္ဌ၏ မိန့်ခွန်းပါအချက်ကို ရှင်းပြခဲ့သည်။

(ကွတ်ခိုင်မြို့ရှိ KIA ဆက်ဆံရေးရုံးနှင့် သစ်တော ဆိုင်းဘုတ်တို့ ဖျက်ဆီးခံထားရသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - TheKachinSubStateMedia/DG)
(ကွတ်ခိုင်မြို့ရှိ KIA ဆက်ဆံရေးရုံးနှင့် သစ်တော ဆိုင်းဘုတ်တို့ ဖျက်ဆီးခံထားရသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – TheKachinSubStateMedia/DG)

” အဲဒီ နေရာနဲ့ပတ်သက်လို့ ဒေသနဲ့ပတ်သက်လို့တော့ ကျနော်တို့ KIO အနေနဲ့တော့ နယ်မြေစိုးမိုးရေးနဲ့ ပတ်သက်လို့ ကျနော်တို့ခိုင်မာတဲ့ သမိုင်းကြောင်းတွေ ရှိတဲ့ ဌာနေတိုင်းရင်းသားတွေဖြစ်ပါတယ်။ ဒါကြောင့် သမိုင်းကြောင်းကို အခြေခံပြီးမှ ကျနော်တို့ဆွေးနွေးအဖြေရှာပြီးမှ ဖြေရှင်းဖို့ပဲ ကျနော်တို့ KIOက ဆန္ဒရှိပါတယ်။ စစ်ရေးပဋိပက္ခနဲ့ ဖြေရှင်းဖို့ဆိုတာ ကျနော်တို့ KIOရဲ့ဆန္ဒ မရှိပါဘူး။ဒါကြောင့် ကျနော်တို့ ဌာနေတိုင်းရင်းသားတွေ အားလုံး အချင်းချင်းညှိနှိုင်းတိုင်ပင်ပြီးမှ သမိုင်းကြောင်း ခိုင်ခိုင်မာမာရှိတာကို အခြေခံပြီးမှ ဖြေရှင်းဖို့ ပဲ ကျနော်တို့ ဆန္ဒရှိတဲ့အကြောင်းတွေ ပါပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIO/KIAနှင့် PSLF/TNLAတို့သည် မဟာမိတ်ဆက်ဆံရေး တည်ဆောက်ထားသည့် အဖွဲ့များ ဖြစ်သော်လည်း ရှမ်းမြောက်ဒေသ၌ ပြဿနာအချို့ရှိနေသည်။

ရှမ်းမြောက်ရှိ KIA ဂိတ်အချို့ကို TNLAက ဖယ်ရှားခိုင်းခြင်း၊ KIO/KIAက ပြုလုပ်ထားသည့် သစ်တောထိန်းသိမ်းရေးဆိုင်းဘုတ်များကို TNLA က ဖျက်ဆီးခြင်းများရှိကြောင်း ကချင်သတင်းဌာနအချို့က ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

KIA ပူးပေါင်းတပ်များသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဆင်ဘိုမြို့ကိုသိမ်းပိုက်ပြီးနောက် မြို့အနီးရှိ စစ်ကောင်စီတပ်ရင်း ခလရ(၁၄၁)ကို ထိုစဉ်ကတည်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

KIA ရုံးနှင့် တပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၁၅ရက်နောက်ဆုံးထား ကွတ်ခိုင်မြို့မှ ထွက်ခွာရန် TNLA နယ်မြေခံတပ်မှူးများက ပြောကြားခဲ့သည့်အခြေအနေနှင့်ပတ်သက်ပြီး လွေးယေဦးက ယခုကဲ့သို့ ရှင်းပြခြင်းဖြစ်သည်။