နေ့သစ်၊ ယောနသံ /People’s Spring
လားရှိုးက စစ်ဆင်ရေးတွေရပ်ဖို့ MNDAAကို Asia World ကုမ္ပဏီက စာရေးသားတောင်းဆိုပြီး နှစ်ရက်အကြာမှာပဲ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ် ဌာနချုပ် (ရမခ)ကို သိမ်းပိုက်ပြီး လားရှိုးမြို့ လုံးဝလွတ်မြောက်ပြီလို့ MNDAA ကကြေညာလိုက်ပါတယ်။
ဘိန်းဘုရင်လို့နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လော်စစ်ဟန်ရဲ့ သားဖြစ်ပြီး Asia World ကုမ္ပဏီများအုပ်စုပိုင်ရှင် ဦးထွန်းမြင့်နိုင် (ခ) လော်ပင်ကျုံး (ခ) Steven Law ဟာ မြန်မာနိုင်ငံတစ်ဝန်းကားလမ်းများ၊ ဆိပ်ကမ်းများ ၊ လေယာဥ်ကွင်းများ စတဲ့အခြေခံအဆောက်အအုံကြီးတွေကိုဆောက်လုပ်ခွင့်ရတဲ့ ခေတ်အဆက်ဆက်စစ်တပ်နဲ့ နီးစပ်တဲ့ ခရိုနီဖြစ်ပါတယ် ။
ဇူလိုင် ၂၄ ရက်မှာ Asia World ကုမ္ပဏီက MNDAA နဲ့ မဟာမိတ်တပ်တွေကို လားရှိုးမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ဆင်ရေးတွေ ရပ်တန့်ပြီး အာဏာသိမ်း စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တရုတ်ဘာသာနဲ့တိုက်တွန်း တောင်းဆိုတဲ့စာဟာ လူမှုကွန်ယက်မှာရော ၊မီဒီယာတွေမှာပါ ပြန့်နှံ့ခဲ့ ပါတယ်။ MNDAA ကိုလိပ်မူရေးထားပြီးတော့ ရက်စွဲကို ဇူလိုင် ၂၃ ရက်လို့တပ်ထားတာတွေ့ရပါတယ် ။
အဲဒီစာနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှ လုပ်ငန်းရှင်တစ်ဦးကလည်း “မအလက ထုတ်ခိုင်းတာပါ။ တရုတ်က ကြက်ကလေးငှက်ကလေးဖမ်းသလို ဖမ်းခေါ်သွားတဲ့ ပယ်ဆောက်ချိန်တို့လို့ ကိုးကန့်သူဌေးတွေတောင် ရပ်လို့မရခဲ့တာ။ ထွန်းမြင့်နိုင်က အခုမှ ထပေါ်လာပြီး ကယောက်ကတမ်းစာထထုတ်တာ”လို့ သူအမြင်ကိုပြောပါတယ် ။
စစ်ကောင်စီဟာ ရမခ ရှိရာ လားရှိုးမြို့ကို အကြီးအကျယ်ထိုးစစ်ဆင်ခံနေရချိန်မှာ UWSA. ဆီကို စစ်တပ်ထိပ်ပိုင်းအရာရှိတွေသွားရောက်ပြီး MNDAA ရဲ့ထိုးစစ်ရပ်အောင် လုပ်ပေးဖို့အတွက် UWSA ၊NDAA တို့ကို သွေးခွဲပြီးစည်းရုံးခဲ့သေးတာဖြစ်ပါတယ်။
Asia Worldရေးတဲ့စာထဲမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ စစ်ရေး ပဋိပက္ခတွေဟာ ဒေသခံ အပြစ်မဲ့ ပြည်သူတွေအတွက် ကြီးစွာသော ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်စေတယ်လို့ သူက ဆိုပါတယ်။ စစ်ရေး ပဋိပက္ခတွေဟာ လားရှိုးကို အရှုပ်အထွေးတွေ၊ ပဋိပက္ခတွေနဲ့ ဆင်းရဲတွင်းတွေဆီ တွန်းပို့နေတယ်လို့ ထုတ်ပြန် ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပေါ်နေပြီး လက်နက်ကြီးကျည်တွေ အဆက်မပြတ် ကျရောက်နေခြင်းနဲ့အတူ လူနေရပ်ကွက်တွေ မီးဟုန်းဟုန်း တောက်နေပြီး ဒေသခံတွေ အထူးတလည် စိုးရိမ် ကြောက်ရွံ့နေရကြောင်း၊ မိသားစု များစွာ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ဒုက္ခရောက်ကုန်ကြောင်း၊ ဒါ့အပြင် ဒေသခံ အများအပြားဟာ စစ်ဒဏ်ကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်းလည်း အဲဒီ စာမှာရေးသားထားပါတယ်။
စစ်ပွဲကြောင့် လမ်းတွေပိတ်ကုန်ပြီး စားနပ်ရိက္ခာနဲ့ တခြား ကုန်စည်တွေရဲ့ စျေးနှုန်းတွေ အလွန်အကျွံ မြင့်တက်ကုန်တဲ့ အတွက်လည်း ဒေသခံ လူထုဟာ ပိုမိုပြီး ဒုက္ခကြုံရတယ်လို့ ဆိုပါတယ်။ ပြီးတော့ စစ်ရေး အခြေအနေတွေအရ ဆက်သွယ်ရေး ကွန်ရက်တွေ၊ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေပါ ထိခိုက်ကုန်ပြီး လုပ်ငန်းကိုင်ငန်းတွေ မလည်ပတ်နိုင်တဲ့အတွက် အလုပ်လက်မဲ့ ပြဿနာတွေ ဆိုးရွားလာတာ၊ ပညာရေးအတွက် အနှောင့်အယှက် ဖြစ်တာတွေ အပါအဝင် လူမှုကဏ္ဍတွေကို အကြီးအကျယ် ထိခိုက်စေတယ်လို့လည်း Asia World ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။
လက်ရှိကာလမှာ မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးကို ဘယ်တုန်းကမှနဲ့ မတူအောင် မျှော်လင့်နေကြောင်း၊ လူနေဧရိယာတွေထဲ စဉ်ဆက်မပြတ် လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့ အခြေအနေမျိုးဟာ အပြစ်မဲ့ လူ့အသက်ပေါင်း များစွာကို ထိခိုက်စေတဲ့အပြင် ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် အိပ်မက်တွေကို ပျက်ပြားစေကြောင်းလည်း Asia Worldက ဆိုပါတယ်။
Asia Worldက ကိုးကန့်တပ်တွေ အနေနဲ့ လောက်ကိုင်မြို့ဆီ ပြန်လည် ဆုတ်ခွာပြီး ဒေသတွင်း ကမ္ဘာလှည့် ခရီးသွား၊ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းတွေ တိုးတက်အောင် ကြံဆောင်သင့်ကြောင်း၊ လောက်ကိုင်ဒေသ ဖွံ့ဖြိုးရေးအတွက် အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ပူးပေါင်း အကောင်အထည် ဖော်သင့်ကြောင်းလည်း တိုက်တွန်းထားပါတယ်။
Asia Worldဟာ လောက်ကိုင်မြို့ ဖွံ့ဖြိုးတိုးတက်ရေးကို အပြည့်အဝ အားပေး ထောက်ခံမှာ ဖြစ်သလို စစ်ဘေးသင့် မြန်မာနိုင်ငံမြောက်ပိုင်း ဒေသတွေကို ပြန်လည် တည်ဆောက်ရေး အတွက်လည်း အကူအညီပေးလိုကြောင်းလည်းစည်းရုံးထားပါတယ်။
ဒါ့အပြင် ကိုးကန့်တပ်တွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လက်ကမ်းကြိုတဲ့ ငြိမ်းချမ်းရေး အကျိုးဆောင် တပ်တွေအဖြစ် ရပ်တည်နိုင်မယ့် အခန်းကဏ္ဍကို ထွေးပွေ့ ကြိုဆိုလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်းဆိုပါသေး တယ်။
မြန်မာပြည်သူတွေဟာ စစ်ပွဲတွေကြောင့် အကြီးအကျယ် ထိခိုက်နစ်နာတာ၊ စတေးရတာတွေ ကြုံပြီး ဖြစ်တာကြောင့် လက်ရှိကာလဟာ စစ်ပွဲတွေကို အဆုံးသတ်ဖို့၊ လက်နက်တွေကို ဘေးဖယ်ပြီး ငြိမ်းချမ်းရေးကို ဦးစားပေးဖို့၊ နိုင်ငံအတွက် ပိုမိုတောက်ပတဲ့ အနာဂတ်ကို အတူလက်တွဲ တည်ဆောက်ဖို့ အရေးအကြီးဆုံး အချိန်ဖြစ်တယ်လို့လည်း Asia World ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီစာ လုပ်ငန်းရှင်တစ်ဦးက ရေးတယ် ဆိုပေမယ့် စစ်ကောင်စီ လားရှိုးမှာ စစ်ရှုံးဖို့ နီးလာတဲ့ အခါ စစ်ကောင်စီရဲ့ အကျိုး စီးပွားကို ကာကွယ်ပေးဖို့ ရေးထားတာဖြစ်တယ်ဆိုတာထင်ရှားနေပါတယ်။
MNDAA ကတော့ ခရိုနီ ဦးထွန်းမြင့်နိုင်ရဲ့စာကိုဇူလိုင် ၂၅ ရက်မှာ လားရှိုး ရမခ ကိုသိမ်းပြီးတုံ့ပြန်လိုက်ပါတယ် ။
ဒါကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ အဓိကလမ်းဖြစ်တဲ့ မန္တလေး-မူဆယ်ကားလမ်းဖောက်လုပ်ခွင့် ရခဲ့တဲ့ Asia World ကုမ္ပဏီဟာ ဒီစာကြောင့် သူ့ရဲ့လုပ်ပိုင်ခွင်တွေအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလာမလဲ ဆိုတာ မကြာခင် မြင်တွေ့လာရနိုင်တယ်လို့ စစ်ရေးနိုင်ငံရေးလေ့လာသူ တစ်ယောက်ကပြောပါတယ်။