Connect with us

Hi, what are you looking for?

သတင်း

တောင်ပိုင်းစစ်ဒေသ၌ စစ်ဆင်ရေးအပြောင်းအလဲကြီးတစ်ခု ဖြစ်လာလိမ့်မည်ဟု SOF တပ်မှူးပြော

တော်လှန်ရေးအတွက်များစွာ အထောက်အကူဖြစ်စေမည့် တော်လှန်နှုတ်ခမ်းနီကမ်ပိန်း၌ ပါဝင်ကူညီပေးရန် မေတ္တာရပ်ခံ

SOFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - SOF

ဟန်နွေ/People’s Spring

တောင်ပိုင်းစစ်ဒေသ၏ တော်လှန်ရေး အဆုံးအဖြတ်အလွန်အရေးပါသည့် ဒေသဖြစ်ပြီး စစ်ရေးအောင်မြင်မှုများ ယခုထက် ပိုရရှိပါက တော်လှန်ရေးအောင်ပွဲသည် မကြာမီအောင်မြင်မှု ရနိုင်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)တပ်မှူး ကိုအောင်စံရှားက ပြောသည်။

စစ်တောင်းမြစ်ဝှမ်းတွင် အခြေပြု၍ ရန်ကုန်၊ ပဲခူး နှင့် နေပြည်တော်သို့ ဦးတည်ထိုးစစ်ဆင်မည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)၊ အထူးကွန်မန်ဒိုတပ်ရင်း (SFC)နှင့် ကီးကူစစ်ကြောင်းတို့၏ ကျည်ဆံ၊ခဲယမ်းနှင့် အခြား စစ်ဆင်ရေးအတွက် လိုအပ်ချက် များကို ဖြည့်ဆည်းရန် ရည်ရွယ်ပြုလုပ်မည့် “တော်လှန်နှုတ်ခမ်းနီ ပရောဂျက်(၃) စကားဝိုင်းကို ယနေ့ညပိုင်း၌ ပြုလုပ်ခဲ့ရာ SOF တပ်မှူးက ထိုသို့ ပြောကြားခြင်းဖြစ်သည်။

“တကယ့်တော်လှန်ရေးရဲ့ အဆုံးအဖြတ်သည် တောင်ပိုင်းမှာ အဓိက အခြေတည်တယ်။ ရန်သူရဲ့ နိုင်ငံရေး စီးပွားရေး ၊ စစ်ရေး အင်အားအမာခံ အခြေတည်ထားတာသည် တောင်ပိုင်းမှာ ဖြစ်တယ်။ မန္တလေး ၊ နေပြည်တော်၊ ရန်ကုန်တွေမှာ ဖြစ်တယ်။ ဒါကြောင့် တောင်ပိုင်း စစ်ဒေသနဲ့ ပတ်သက်လို့ရှိရင် တော်လှန်ပြည်သူတွေ အနေနနဲ့ရော နောက် တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့ရော ကျနော်တို့အတွက် အများကြီး အရေးပါတယ်။ တောင်ပိုင်းစစ်ဒေသမှာ အခုထက်ပို ဆောင်ရွက်နိုင်မယ်ဆိုလို့ရှိရင် မကြာခင် မှာ ကျနော်တို့ တော်လှန်ရေးဟာ ၂၀၂၄ နှစ်ကုန် သိပ်မကြာခင်မှာ အောင်မြင်မှု ဒီထက်ပို ရပြီးတော့ အောင်ပွဲ ခံနိုင်မယ်ဆိုတဲ့ဟာကိုလည်း ပြည်သူကို အဲဒါ သတင်းစကား ပါးချင်ပါတယ်”ဟု ကိုအောင်စံရှားက ပြောသည်။

Public Service Announcement

Public Service Announcement

မကြာမီကာလအတွင်း စစ်ဆင်ရေး အပြောင်း အလဲအကြီးကြီးတစ်ခုဖြစ်လာလိမ့်မည်ဟုလည်း ၎င်းက သုံးသပ်သည်။

“မြို့ပေါင်း ၃၃၀ ရှိတယ်။ မြို့ပေါင်း ၃၃၀ကို ကျနော်တို့ သိမ်းစရာမလိုဘူး ။ တဖြည်းဖြည်းနဲ့ ကချင်မှာ လုပ်တဲ့ စစ်ဆင်ရေးပုံစံလိုမျိုး မကြာခင်မှာ အခုထက်ပိုကောင်းတဲ့အောင်မြင်မှုရလဒ်မြင်ရမယ် မျက်ဝါးထင်ထင် တွေ့ရမယ်။ အဲဒါကိုလည်း ပြည်သူလူထုကို ကျနော်မြင်တဲ့ဟာကို ပြောတာပေါ့”ဟု ကိုအောင်စံရှားက ပြောသည်။

တောင်ပိုင်း စစ်ဒေသရှိတော်လှန်ရေးတပ်ဖွဲ့များ အပေါ် မြောက်ပိုင်းနှင့် ခွဲပြီးမြင်နေကြောင်း၊ တောင်ပိုင်းစစ်ဒေသသည် တော်လှန်ရေးကို ပြည်သူခုခံတွန်းလှန်စစ်ကို စတင်ခဲ့သည့် တကယ်အဓိက ကျတဲ့နေရာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“နောက်တစ်ခုက လက်ရှိတော်လှန်ရေးနဲ့ ပတ်သက်လို့ရှိရင် တကယ်တန်း အဆုံးအဖြတ်တိုက်ရမှာ ကျနော်အမြင်ပေါ့ တကယ့်အဆုံးအဖြတ်ပေးမှာသည် တောင်ပိုင်း စစ်ဒေသမှာ ရှိတယ်။တောင်ပိုင်းကို မျက်ချည်ပြတ်လို့မရဘူး”ဟု ကိုအောင်စံရှားက ပြောသည်။

တောင်ပိုင်း၌ မြောက်ပိုင်းနည်းတူ အောင်မြင်မှု ရသည့် ပုံစံမတူသော်လည်း တောင်ပိုင်းကို ပိုမို အာရုံစိုက်ပြီး တစ်နိုက်သလောက် ဝိုင်းဝန်းရန်လည်း တိုက်တွန်းထားသည်။

စကားဝိုင်းဆွေးနွေးပွဲတွင် အထူးကွန်မန်ဒိုတပ်ရင်း၏ လှုပ်ရှားမှုများကို တပ်စိပ်မှူး ကိုအောင်လေးက ပြောသည်။

၎င်းအနေဖြင့် ဖာပွန်တိုက်ပွဲ၌ ဒဏ်ရာရခဲ့၍ ယခု ကမ်ပိန်းတွင် ဆေးရုံမှ ပါဝင်ဆွေးနွေးနေခြင်းဖြစ်ကြောင်း အသိပေးပြီး ၎င်းတို့ တပ်ဖွဲ့လှုပ်ရှားခဲ့မှု များကို ပြောပြသည်။ ၎င်းတို့ အနေဖြင့် ၂၀၂၂ ဇန်နဝါရီမှ စတင်ဖွဲ့စည်းခဲ့ ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေမှ တပ်မဟာ(၁)နယ်မြေ၊ တပ်မဟာ(၃) နယ်မြေများ၌ တိုက်ပွဲဝင်ခဲ့ကြောင်း၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ဒေသများ၌ နယ်မြေစိုးမိုးရေး လုပ်ငန်း လုပ်ဆောင်ခဲ့ရာ ရွာပေါင်း ၅၀ ကျော် စိုးမိုးထားနိုင်ကြောင်း ပြောပြသည်။

အထူးကွန်မန်ဒိုတိုက်ပွဲအနေဖြင့် ကျိုက်ထို၊ မဲဝိုင်၊ ကျောက်တံတား၊ ထန်းတပင်၊ ကျောက်ကြီး၊ ဖြူးမြို့နယ်၊ မုန်းမြို့၊ ဇရပ်ကြီးမြို့၊ နတ်သံကွင်း၊ ဖာပွန် စသည့် တိုက်ပွဲများ၌ ပါဝင်ခဲ့ကြောင်း အသိပေးသည်။ အထူးကွန်မန်ဒို တပ်ဖွဲ့ ဖွဲ့စည်းပြီးနောက် တိုက်ပွဲများအတွင်း ရဲဘော် ၂၃ဦး ကျဆုံးကာ ဒဏ်ရာရပြီး မသန်စွမ်းဖြစ်ခဲ့သူ ၉ဦး ရှိခဲ့ကြောင်း ပြောပြသည်။

“ဆေးကုသမှု ခံယူနေတဲ့ ရဲဘော်တွေလည်းရှိတယ်။ အဲဒီ ရဲဘော်တွေထဲမှာ နှစ်ထပ်ကွမ်း သုံးထပ်ကွမ်း ဒဏ်ရာရရှိထားတဲ့ရဲဘော်တွေလည်းအများကြီးရှိတယ်။ ကျနော်ဆိုလို့ရှိရင်လည်း ဒုတိယ မြောက်ပေါ့။ ကျနော်က ဆေးရုံကနေပြီးတော့ ဒီပွဲကို တက်ရောက်တာပါ။ ဆေးရုံမှာပဲ။ ပြီးခဲ့တဲ့ပွဲ ဖာပွန်မှာ ဒဏ်ရာရခဲ့တာ” ဟု ရဲဘော်အောင်လေးက ဆွေးနွေးသည်။

ရှေ့ဆက်၍လည်း စစ်တောင်းမြစ်ဝှမ်း အရှေ့ဘက်ကမ်းမှ အနောက်ဖက် ကမ်းသို့ ကူးနိုင်အောင် အမြန်ဆုံး ကြိုးစားသွားမည်ဟု ရဲဘော်အောင်လေးက ပြောသည်။

တော်လှန်နှုတ်ခမ်းနီ ပရောဂျက် (၃)တွင် ပါဝင်မည့် အဖွဲ့သုံးဖွဲ့သည် စစ်တောင်းမြစ်ဝှမ်း အခြေပြုပြီး ရန်ကုန်၊ ပဲခူး ၊ နေပြည်တော်ကို ဦးတည်မည့်အဖွဲ့များဖြစ်သောကြောင့် ကမ်ပိန်းတွင် ပါဝင်အားဖြည့်ပေးကြရန် စကားဝိုင်းဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့် ဒေါက်တာ ဖြိုးသီဟက ပြောသည်။

” ဒီကမ်ပိန်းမှာပါဝင်နိုင်သလောက် တော်လှန်ရေးအတွက်ကို အများကြီး အထောက်အကူဖြစ်သွားမယ့် အဖွဲ့တွေကို သေချာရွေးချယ်ပြီး လုပ်ထားတဲ့ ကမ်ပိန်းဖြစ်တဲ့အတွက် ပါဝင်ကူညီပေးကြဖို့ကို ထပ်မံပြီး တိုက်တွန်းပါတယ်”ဟုလည်း ဒေါက်တာဖြိုးသီဟက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ရွှေကျင်မြို့နယ်၊ညောင်ခြေတောက်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်အား PDF ၊ KNLA နှင့် ပူး​ပေါင်းတပ်များက မေလ ၈ ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ရင်းပြန်လည်ရရှိရန် ကြိုးပမ်းနေကြောင်း ပြည့်သူ့ကာကွယ်ရေးတပ်မတော် PDF၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)တပ်မှူး ​ကိုအောင်စံရှားက လူထုနွေဦးသို့ ပြောသည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် မဟာမိတ်များနှင့် ညီညွတ်မှုထိခိုက်စေနိုင်သည့် အပြုအမူ အပြောအဆိုများ မပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး ရဲဘော်စောရှားက တိုက်တွန်းလိုက်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသ၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (အထူးတပ်ဖွဲ့)က အပတ်စဥ် (၈)အတွက် တပ်သားသစ်များ ခေါ်ယူနေကြောင်း SOFက ယနေ့ (ဧပြီ ၂၈ရက်)တွင် ထုတ်ပြန်သည်။

သတင်း

ရန်ကုန် - မော်လမြိုင်လမ်းမကြီး ကျိုက်ထို-ဘီးလင်းလမ်းပိုင်း၌ စစ်ကောင်စီ၏ ယာဉ်တန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ၄ဦး သေဆုံးခဲ့ကြောင်း နဂါးဖြူစစ်ကြောင်းနှင့် တောင်ပိုင်းစစ်ဒေသက ယနေ့(မတ်လ ၈ရက်)ထုတ်ပြန်အသိပေးသည်။