Connect with us

Hi, what are you looking for?

သတင်း

မြို့​ပေါင်း ၃၆ မြို့သိမ်းထား​သော ညီ​နောင်မဟာမိတ်သုံးဖွဲ့ကို စစ်ကောင်စီကအကြမ်းဖက်အုပ်စုဟုကြေညာပြန်

မြို့​ပေါင်း ၃၆ မြို့သိမ်းပိုက်ထား​သော အာရက္ခတပ်တော်(AA)၊ ကိုးကန့်တပ်မတော်(MNDAA)နှင့် တအာင်းတပ်မတော်(TNLA)တို့ကို အကြမ်းဖက် အုပ်စုအဖြစ်ဟုဆိုကာ ကြေညာကြောင်း စစ်ကောင်စီက ယနေ့ စက်တင်ဘာ ၂ရက်တွင် ထုတ်ပြန်ကြေညာသည်။

ညီ​နောင်မဟာမိတ် ၃ ဖွဲ့မှ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-3BHA

ဟန်နွေ/People’s Spring

မြို့​ပေါင်း ၃၆ မြို့သိမ်းပိုက်ထား​သော အာရက္ခတပ်တော်(AA)၊ ကိုးကန့်တပ်မတော်(MNDAA)နှင့် တအာင်းတပ်မတော်(TNLA)တို့ကို အကြမ်းဖက် အုပ်စုအဖြစ်ဟုဆိုကာ ကြေညာကြောင်း စစ်ကောင်စီက ယနေ့ စက်တင်ဘာ ၂ရက်တွင် ထုတ်ပြန်ကြေညာသည်။

MNDAA၊ TNLAနှင့် AAတို့၏ စစ်ဆင်ရေးများအတွင်း တပ်စခန်းများ၊ တပ်ရင်းဌာနချုပ်များ၊ မြို့များ အပြင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီက ယနေ့တွင် အဆိုပါ အဖွဲ့များကို အကြမ်းဖက်အုပ်စုအဖြစ်ဟုဆိုကာ ကြေညာခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုသို့ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာရာတွင် စစ်ကောင်စီက ၎င်းကိုယ်တိုင်ကျူးလွန်နေသည့် ပြည်သူအပေါ် ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှု၊ နေအိမ်၊မြို့ရွာများ မီးရှို့မှု၊ လက်နက်ကြီးများဖြင့်တိုက်ခိုက်မှု၊ အတင်းအဓမ္မလူသစ်စုဆောင်းမှု၊ ပြည်သူကို သတ်ဖြတ်မှုစသည့်တို့ကို ဖုံးကွယ်ပြီး MNDAAနှင့် TNLA အဖွဲ့များက အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည်ဟုဆိုကာ စွပ်စွဲခဲ့သည်။

ထို့ပြင် AA၊ TNLA၊ MNDAA ညီနောင်မဟာမိတ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်းတို့ကြောင့် အကြမ်းဖက်အုပ်စုအဖြစ်ဟုဆိုကာ ကြေညာခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက အကြောင်းပြသည်။

“စစ်ကောင်စီက ကျမတို့ကို အကြမ်းဖက်ကြေညာတာက အခုမှမဟုတ်ပါဘူး။ အရင်ကလည်း အဲလို ကြေညာထားပြီးသားဖြစ်တယ်။ အခုချိန်လည်း အရင်ကြေညာထားတာ ပယ်ဖျက်ထားတာ မရှိသေးဘူး။ ဟိုက်ဂင်ကတော့ လက်ရှိကတော့ဘာမှ ပြောနိုင်ခြင်းတော့ မရှိသေးဘူး”ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

စစ်ကောင်စီသည် AAကို ၂၀၂၁မတ်လ ၁၁ရက်တွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ရုတ်သိမ်းထားခြင်းဖြစ်ပြီး ယနေ့တွင် အဆိုပါ ရုတ်သိမ်းမှုကို ပယ်ဖျက်လိုက်သည်ဟု အသိပေးသည်။

AAကို ၂၀၂၀ မတ်လ ၂၃ရက်တွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ခြင်းဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက AAနှင့်အပစ်ရပ်စဲရေး လုပ်ဆောင်ကာ ၂၀၂၁ မတ်လ ၁၁ရက်တွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းပေးခဲ့ခြင်းဖြစ်သည်။

AA၊ MNDAA၊ TNLA အဖွဲ့များသည် ၂၀၂၃ အောက်တိုဘာ ၂၇ ရက်တွင် ၁၀၂၇ စစ်ဆင်ရေးကို စတင်ဆင်နွှဲပြီး စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အချိန်တိုအတွင်း တပ်စခန်းရာချီနှင့် မြို့များ နယ်မြေများကို သိမ်းပိုက်နိုင်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAAက လောက်ကိုင်၊ ကုန်းကြမ်း၊ သိန္နီ၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ ဖောင်းဆိုင်၊ မုံးကိုး အပါအဝင် ကိုးကန့်ဒေသ တစ်ခုလုံးနှင့် ဆက်စပ်နယ်မြေများကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ စစ်ကောင်စီ၏ ဗျူဟာမြောက်လက်နက်များ၊ တင့်ကား၊ သံချပ်ကာများအပါအဝင်လက်နက်ကြီး လက်နက်ငယ်များစွာ၊ ခဲယမ်းများစွာကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ TNLA အနေဖြင့်လည်း ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် ရှမ်းမြောက်ရှိ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကွတ်ခိုင်၊ နမ္မတူ မြို့များကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်။

AA အနေဖြင့်လည်း ၂၀၂၃ နိုဝင်ဘာ ၁၃ရက်မှစ၍ ချင်းပြည်နယ် ပလက်၀နှင့် ရက္ခိုင်ပြည်နယ်ရှိ မြို့နယ်များကို ထိုးစစ်ဆင်ခဲ့ရာအချိန်တိုအတွင်း ပလက်၀ နှင့်ရက္ခိုင်ပြည်နယ်ရှိ မြို့ ၉မြို့ကို အပြီးသတ် သိမ်းပိုက်ထားနိုင်ခဲ့ပြီး အလုံးစုံနီးပါးသိမ်းပိုက်ရရှိသည့်မြို့၊ တဝက်တပြတ် သိမ်းပိုက်ရရှိသည့်မြို့နှင့် တိုက်ခိုက်သိမ်းပိုက်ရန် ကျန်နေသည့် မြို့အချို့သာ ရက္ခိုင်ပြည်နယ်၌ကျန်ရှိနေပြီး ရက္ခိုင်ဒေသအများစုမှာ စစ်ကောင်စီ ကင်းစင်နေပြီဖြစ်သည်။

တရုတ်၏ ကြားဝင်မှုဖြင့်ရှမ်းမြောက်ဒေသ အပစ်ရပ်စဲရေးကို ၂၀၂၄ ဇန်နဝါရီတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်များအကြား သဘောတူညီခဲ့သော်လည်း ၂၀၂၄ ဇွန်လ ၂၅ရက်တွင် TNLAက ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းကို ဆက်လက်ဆင်နွှဲခဲ့သည်။ ကိုးကန့်တပ် MNDAAကလည်း ဇူလိုင် ၃ရက်တွင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာ တစ်လခန့် အကြာ ဩဂုတ် ၃ရက်တွင် ရမခစစ်တိုင်း အပါအဝင် လားရှိုးကို အပြီးသတ် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

TNLA အနေဖြင့်လည်း နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲမြို့များကို အလုံးစုံသိမ်းပိုက်ထားပြီး သီပေါမြို့ကိုလည်း TNLAက ထိန်းချုပ်ထားသည်။

ထိုသို့ မြို့များစွာနှင့် တပ်ရင်း၊တပ်ဖွဲ့ ဌာနချုပ်များစွာ ဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီတပ်သည် ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှ ယခုထိ ၁၀လကျော်အကြာတွင် စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် MNDAA၊ TNLAနှင့် AA ညီနောင်မဟာမိတ် ၃ဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ်ဟုဆိုကာ စစ်ကောင်စီက ကြေညာခဲ့ခြင်းဖြစ်သည်။

AAက ယခုအခါ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် မြို့​ပေါင်း ၁၆မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ရခိုင်ပြည်နယ်ရှိမြို့အားလုံးကို သိမ်းပိုက်မည်ဟု ​ကြေညာထားသည်။

MNDAAက လားရှိုးမြို့ အပါအဝင် မြို့​ပေါင်း ၉ မြို့ ၊ TNLA က ၁၁ မြို့ကို သိမ်းပိုက်ထားသည်။ ထို​ကြောင့် ညီ​နောင်မဟာမိတ် ၃ဖွဲ့သိမ်းပိုက်ထိန်းချုပ်ထား​သောမြို့​ပေါင်း ယ​နေ့(စက်တင်ဘာ ၂ )အထိ့ အနည်းဆုံး ၃၆မြို့ရှိသည်။

​မြေပြင်တွင် ပြည်သူများကို ​နေ့စဥ်သတ်ဖြတ်ဖမ်းဆီး ၊​နေအိမ်များမီးရှို့​နေသည်မှာ စစ်​ကောင်စီပင်ဖြစ်သည်။စစ်​ကောင်စီက အာဏာသိမ်းပြီး​နောက် ၂၀၂၄ ဇွန်လကုန်အထိ ၃ နှစ်​ကျော်အတွင်း နိုင်ငံတစ်ဝန်းပြည်သူ့​နေအိမ်​ပေါင်း ၉၅,၀၀၀ ​ကျော်ကို မီးရှို့ဖျက်ဆီးခဲ့​ကြောင်း စစ်အုပ်စုမီးရှို့ဖျက်ဆီးမှုများ ​ဖော်ပြ​ပေး​နေ​သော Data For Myanmar က​ဖော်ပြထားသည်။

ထို့အပြင် စစ်အုပ်စုသည် အာဏာသိမ်းပြီး​နောက် ၃ နှစ်ခွဲ​ကျော်အတွင်း(စက်တင်ဘာ ၂ ရက်အထိ) အနည်းဆုံးပြည်သူ ၅,၅၉၂ ဦးကိုသတ်ဖြတ်ခဲ့ပြီး ၊ပြည်သူ ၂၇,၂၉၄ ဦးကိုဖမ်းဆီးခဲ့ကာ ထိုထဲမှ ပြည်သူ ၂၀,၈၂၇ ဦးမှာ​ ထောင်သွင်းအကျဥ်းချခံ​နေရဆဲဖြစ်​ကြောင်း နိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေးအသင်း(AAPP)က​ ထုတ်ပြန်ထားသည်။ ​

ဖုန်းနှင့် အင်တာနက်လိုင်းများပြတ်​တောက်​နေမှု ကြောင့် အချက်အလက်ရရှိရန်အခက်အခဲရှိသဖြင့် မြေပြင်တွင် ပြည်သူ့​နေအိမ်များမီးရှို့ဖျက်ဆီးခံရမှုနှင့် ပြည်သူများ ဖမ်းဆီးသတ်ဖြတ်ခံရမှုအ​ခြေအ​နေမှာ အထက်ပါကိန်းဂဏန်းများထက်ပင်များနိုင်ပါသည်။

စစ်​ကောင်စီ၏ ထုတ်ပြန်ချက်အ​ပေါ် ပြည်သူတစ်ဦးက “အဲဒါသူတို့ တော်တော်အထိနာလို့ အော်လိုက်တဲ့အသံပဲ”ဟုမှတ်ချက်ပြုသည်။

အခြားပြည်သူတစ်ဦးကလည်း “အဲအကြမ်းဖက်အဖွဲ့တွေကိုပဲပြည်သူကချစ်နေတာ ။ ဘာလို့လဲဆိုတော့။သူတို့ပေးတဲ့ဒုက္ခကျနော်တို့မှာမရှိဘူးဗျ။ ခဗျားတို့ပေးတဲ့ဒုက္ခတွေပဲ ကျနော်တို့ခံခဲ့ရတော့ ကလေးများလိုပဲ လက်သာယာကိုချစ်တယ်ဗျာ”ဟု မှတ်ချက်ပြု​ရေးသားသည်။

“သူ့ (စစ်​ကောင်စီ)ကိုယ်သူ ကြေငြာနေတာပါ အကြမ်းဖက်နေတာ ဘယ်သူလဲ မြန်မာတနိုင်ငံလုံးသိ”ဟုပြည်သူတစ်ဦးကလည်းမှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပြည်သူလူထုနေအိမ်များ မီးရှိုဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ရာတွင် ပူးပေါင်းပါဝင်ခဲ့သူများအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဖမ်းမိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသော ရှမ်းမြောက်ရှိ နောင်ချိုမြို့ကို စစ်ကောင်စီက နှစ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်။

သတင်း

လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာကို ယမန်နေ့ညက စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားငါးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့သည်။

သတင်း

လားရှိုးနှင့် ကျောက်မဲကို ဗုံးကြဲ လေယာဉ်ပတ်နေ

Facebook