အီယိုရီ/People’s Spring
တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲလိုသော၊ တရုတ်နိုင်ငံအား အကြောင်းမဲ့ပြစ်တင်သော မည်သည့်ပြောဆိုလုပ်ဆောင်မှုကိုမဆို ဆန့်ကျင်ကြောင်း ရန်ကုန်မြို့ရှိ တရုတ်သံရုံးက ယနေ့(စက်တင်ဘာ ၁၄ရက်)ထုတ်ပြန်သည်။
မကြာသေးမီက အချို့သောမီဒီယာများနှင့် ပုဂ္ဂိုလ်များက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ပြည်တွင်းရေးကိုစွက်ဖက်နေသည်ဟု အကြောင်းမဲ့ ပြစ်တင်မှုများနှင့်စပ်လျဉ်း၍ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement
တရုတ်သံရုံးက ’အကြောင်းမဲ့’ဟူသော စကားစုကို သုံးနှုန်းထားရာ လက်တွေ့တွင် ‘အကြောင်းမဲ့’ မဟုတ်ဘဲ တရုတ်နိုင်ငံသည် နိုင်ငံတဝန်းနေရာအနှံ့ လေကြောင်းတိုက်ခိုက်၊ အရပ်သားပြည်သူများကို ဦးတည်တိုက်ခိုက်သတ်ဖြတ်နေမှုကို လျစ်လျူရှုထားကာ တအာင်းတပ်မတော်(TNLA)ကို တဖက်သတ် အပစ်ခတ်ရပ်စဲရန် ဖိအားပေးခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့အရေးလေ့လာနေသူအချို့က သုံးသပ်ကြသည်။
“ဆောလျင်စွာ အပစ်အခတ်ရပ်စဲရေးကို(ငြိမ်းချမ်းစေချင်တဲ့ သဘောနဲ့ဖြစ်ဖြစ်၊ တခြားသဘောနဲ့ဖြစ်ဖြစ်) မြန်မာပြည်သူလူထုရဲ့ ဆန္ဒသဘောထားကို မလေ့လာဘဲ ဇွတ်အကောင်အထည်ဖို့ ကြိုးစားမယ်ဆိုရင် အဲဒါဟာလည်း ဝင်ရောက်စွက်ဖက်မှုပဲဖြစ်တယ်။ စစ်ကောင်စီရဲ့ မီးရှို့တာ၊ လေယာဥ်နဲ့ဗုံးကြဲတာတွေကို ထုတ်ဖော်အပြစ်ပြောတာ၊ ရပ်တန့်ဖို့ ပြောဆိုတာမရှိဘဲ တော်လှန်ရေးအဖွဲ့တွေကို အပစ်ရပ်ဖို့ ဖိအားပေးတာဟာ မမျှတတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်” ဟု TM Media တည်ထောင်သူ ဦးသိမ်းမြတ်က ပြောသည်။
တရုတ်သံရုံး၏ ယနေ့ထုတ်ပြန်ချက်သည် မီဒီယာအချို့အပေါ် ရည်ညွှန်းထားခြင်းဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ “မီဒီယာဖက် လှည့်လာတယ်ဆိုတာကတော့ ပြည်သူကို ရန်မရှာရဲလို့ မီဒီယာကို အပြစ်
တင်တာပါ။ ပြည်သူက ဆန့်ကျင်နေတာကို သူတို့သိတယ်။ ဒါပေမဲ့ ပြည်သူကို အပြစ်တင်ရမှာခက်လို့ မီဒီယာကို လက်ညှီုးထိုးအပြစ်တင်တာပါပဲ” ဟု သတင်းစာဆရာဦးသိမ်းမြတ်က မှတ်ချက်ပြုသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံက လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နိုင်ငံတစ်သားတည်းဖြစ်တည်မှုနှင့် နယ်မြေတည်တံ့မှုအား ထိန်းသိမ်းကာကွယ်ခြင်းကို ခိုင်မာစွာထောက်ခံအားပေးကြောင်းနှင့် ပြည်တွင်းရေးအား ဝင်ရောက်မစွက်ဖက်ခြင်းကို ခိုင်မာစွာကိုင်စွဲထား၍ မြန်မာပြည်သူကပိုင်ဆိုင်၍ မြန်မာပြည်သူက ဦးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လိုက်နာသည်ဟု တရုတ်သံရုံးပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်သည်။
ထို့အပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ်မှု၊ စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်ကြောင်း၊ ပြည်ပအင်အားစုက မြန်မာနိုင်ငံပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုအား ဆန့်ကျင်ကြောင်းလည်းဆို သည်။
“တရုတ်က ဘက်လိုက်မှုရှိတယ်လို့ ပြောရမယ်။ စစ်တပ်ကို ဘာမှမပြောဘဲ TNLA ကိုပဲ ပြောတယ်ဆိုတော့ ဘက်လိုက်တယ်လို့ပဲ ပြောရတော့မှာပေါ့” ဟု မြန်မာ့နိုင်ငံရေး၊ စစ်ရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုသည်။
ထိုအပြင် တရုတ်သည် သြဂုတ်လကုန်ပိုင်းတွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နွေ့ဆုံ၍ စစ်ကောင်စီတပ်အပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေမှု
များကို ရပ်တန့်ရန်ဖိအားပေးခဲ့ကြောင်းစစ်ရေးအရင်းအမြစ်အချို့က ပြောသည်။
တရုတ်သည် ယခုနောက်ပိုင်းထုတ်ပြန်ချက်များတွင် ပြည်ပအင်အားစုက မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုအား ဆန့်ကျင်သည်ဟု အမြဲထည့်သွင်းသော်လည်း တော်လှန်ရေးအင်အားစုများနှင့် မြန်မာပြည်သူအများစုကမူ မြန်မာ့ပြည်တွင်းရေးကို တရုတ်ကသာ အများဆုံး ဝင်ရောက်စွက်ဖက်သည်ဟု အခိုင်အမာရှုမြင်ကြသည်။
‘မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူသည်’ဟု ဆိုသော တရုတ်နိုင်ငံ၏ ချစ်ကြည်ရေးမူဝါဒမှာ လက်တွေ့နှင့် တခြားစီဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက ယုံကြည်ထားကြသည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က သြဂုတ်လကုန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်စပ်ဒေသ အာဏာပိုင်များအနေဖြင့် မြန်မာနိုင်ငံမှ လူမျိုးစုံပြည်သူများ စစ်တပ်၏ မတရားအနိုင်ကျင့်ခံနေရမှုကို စာနာနားလည်၍ ကူညီပံ့ပိုးပေးခြင်းဖြင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေရန် ကြိုးစားသင့်ကြောင်း အကြံပြုတိုက်တွန်းထားသည်။
မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီးက ဆော
လျင်စွာ အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းသောနည်းလမ်းဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းကာ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် မြန်မာနိုင်ငံအခြေအနေ ပြန်လည်တည်ငြိမ် အရှိန်လျော့လာရေးအား ဖော်ဆောင်သွားရန် တရုတ်နိုင်ငံက မျှော်လင့်ထားပြီး ယင်းအတွက် တရုတ်နိုင်ငံက အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်သွားရန် ဆန္ဒရှိသည်ဟုဆိုသည်။


















































