People’s Spring
အမေရိကန်ရောက် မြန်မာအနုပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများပူးပေါင်းပါဝင်ပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့တွင် ဇန်နဝါရီ ၃ ရက် မွန်းလွဲပိုင်းက ဆန္ဒပြခဲ့ကြသည်။
အနုပညာရှင်များဖြစ်သည့် ရန်ရန်ချမ်း၊ လင်းထက်၊ ကော်ဘရာ၊ လင်းနစ်၊ ကျော်သီဟ၊ ထက်အောင်ရှိုင်းတို့ ပါဝင်ဆန္ဒပြခဲ့ကြသည်။
“တရုတ်အနေနဲ့ တော်လှန်ရေးအင်အားစုတွေအပေါ်ကို ဖိအားပေးနေတာတွေမြင်နေရတယ်။ ဒီလိုဖိအားပေးမှုတွေကို မကြိုက်ဘူး၊ မလိုချင်ဘူး။ ဒီလိုလုပ်နေတာဟာ တော်လှန်ရေးကိုနှောင့်နှေးစေတယ်။ တရုတ်အစိုးရရဲ့ မြန်မာအပေါ်ထားတဲ့မူဝါဒကို မကြိုက်လို့ ဆန္ဒပြတာဖြစ်ပါတယ်” ဟု ဆန္ဒပြပွဲတွင်ပါဝင်သည့် အဆိုတော်လင်းထက်က ပြောပါသည်။
ထို့အပြင် မြန်မာပြည်လက်ရှိတော်လှန်ရေးသည် ပြည်သူကစခဲ့၊ ပြည်သူကရုန်းထခဲ့သည့်တော်လှန်ရေးဖြစ်သည့်အတွက် ဖိအားပေးမှုများကိုမလိုလားဘဲ ပြည်သူများအနေဖြင့် တော်လှန်ရေးကိုအဆုံးထိဆက်သွားမည်ဆိုသည့် သတင်းစကားကိုလည်း ပေးလိုခြင်းဖြစ်ကြောင်း ကိုလင်းထက်က ဆက်ပြောသည်။
ယနေ့ ဝါရှင်တန်ဒီစီတွင် ရာသီဥတုဆိုးပြီးနေပြီး နှင်းတွေကြားကပင်လူတစ်ရာခန့် ၃ နာရီခန့်ကြာ စုဝေးဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ဒီဇင်ဘာ ၇ ရက်ကလည်း တရုတ်သံအမတ်နေအိမ်ရှေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်မူဝါဒဆန့်ကျင်ရေးနှင့် အာဏာသိမ်းစစ်တပ်ကို အားပေးအားမြှောက်မလုပ်ဖို့ တောင်းဆိုဆန္ဒပြခဲ့ပါသေးသည်။