ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)တိုက်ခိုက်မှုအတွင်း လက်နက်ကြီးများ ကျရောက်ပြီး ထိခိုက်ပျက်စီးမှုများရှိကြောင်း ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B)၏ တာဝန်ရှိသူက ပြောသည်။
စက်တင်ဘာ ၁၁ ရက်ည ၇ နာရီခွဲခန့်က အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)အား ၁၀၇ မမ၊ ရှော့တိုက်ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်မှုကြောင့် စစ်တိုင်းရုံးဝင်းအတွင်းရှိ စစ်သည်ရိပ်သာဆောင်ကို ၂ လုံးကျရောက်ပေါက်ကွဲရာ စစ်သား ၅ဦးသေပြီး အများအပြား ထိခိုက်မှုရှိကြောင်း Chindwin Rocket Brothers -C.R.B၏ တာဝန်ရှိသူက ပြောသည်။
ထို့အပြင် ၁၂ ခန်းတွဲအနီး၊ ရိက္ခာဖြန့်ဝေဌာန၊ရဟတ်ယာဥ်ကွင်းသစ်၊ ယမဆရ-၇(စစ်မြေပြင်ဆေးတပ်ရင်း)၊ ထပရ-၉၂၉(ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်ရင်း)၊ အဆရ-၁၂(အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း)၊ လစရ-၆(လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း)၊ တထခွဲ-၇၆၇ (တပ်ထိန်း)၊စရဖ(စုံစမ်းစစ်ဆေးရေးအဖွဲ့) အစရှိသည့်နေရာများ လက်နက်ကြီး
၁၃ လုံးထက်မနည်း ကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးမှုများကြောင်း Chindwin Rocket Brothers -C.R.B၏ တာဝန်ရှိသူက ပြောသည်။
တိုင်းအားကစားကွင်းကိုလည်း တစ်လုံး ကျရောပေါက်ကွဲပြီး တွဲကားများထိခိုက်မှုရှိကြောင်း၊နမခ တပ်နယ် အရှေ့ကာကင်းဂိတ်စခန်းလည်း တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း C.R.B အဖွဲ့က ဆိုသည်။
ထိခိုက်ဒဏ်ရာရသူများအား တပ်ဆေးရုံပို့ဆောင်ခဲ့ပြီး ဆေးရုံရောက်ပြီးသူများအနက် ထပရ ၉၂၉ မှ စစ်သားအချို့ သေဆုံးသူများရှိကြောင်း C.R.B အဖွဲ့က အသိပေးသည်။
“ထိခိုက်ပျက်စီးမှုတွေက ဖရဲသီးသတင်းပါ။ အတိအကျပါပဲ။ ဒါတောင်နည်းနည်း ပဲထည့်ထားတာပါ။”ဟု Chindwin Rocket Brothers -C.R.B၏ တာဝန်ရှိသူက ဆိုသည်။
စက်တင်ဘာ ၁၂ရက်တွင် သေဆုံးအရာရှိ၏ နာရေးတစ်ခုပြုလုပ်ခဲ့သည်ဟုလည်း ဆိုသည်။
သို့သော် နမခအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
နမခပစ်ခတ်မှုအတွင်း တိုင်းရုံးနှင့် အားကစားကွင်းအတွင်းကျရောက်ပေါက်ကွဲပြီး အထိအခိုက် မသိရသေးကြောင်း၊ ထို့အပြင် နမခတွင်းမှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း မုံရွာကင်းထောက်များအဖွဲ့က ပြောသည်။
အဆိုပါ စစ်ဆင်ရေးများကို “မုံရွာမှာ ပြန်ဆုံမယ်” စစ်ဆင်ရေးအဖြစ် ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R. နှင့်အတူ ယင်းမာပင်ခရိုင် တပ်ရင်း(၁)၊
ချိုမိုင်မိုင်-ကနီ၊ Chindwin Brothers၊ မုံရွာမြို့နယ် တိုက်နယ်(၅) စသည့်မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက မကြာခဏ တိုက်ခိုက်နေပြီး ယခုနှစ် ဧပြီအတွင်းကလည်း တစ်ကြိမ်တိုက်ခိုက်ခံခဲ့ရသေးသည်။