ထားအိ/People’s Spring
တောင်ကိုရီးယားသမ္မတ မစ္စတာယွန်းဆက်ယိုးသည် မြန်မာပြည်အတွက် လူသားချင်းစာနာမှုအကူအညီ အမေရိကန်ဒေါ်လာသန်း ၂၃သန်း ပေးအပ်မည့်အစီအစဥ်ကို ထုတ်ဖော်ပြောကြားလိုက်သည်။
လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ကျင်းပခဲ့သော အာဆီယံထိပ်သီးညီလာခံခရီးစဥ် မပြီးဆုံးမီ မြန်မာအတွက် ယခုနှစ် လူသားချင်းစာနာမှုအကူအညီအဖြစ် အထက်ပါအစီအစဥ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယားသမ္မတရုံးဖော်ပြချက်အရ သမ္မတယွန်းက လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၂၃သန်းမှာ အင်ဒို-ပစိဖိတ်ဒေသတလျှောက်မှ အရှေ့အာရှထိပ်သီးညီလာခံအဖွဲ့ဝင်များအတွက် သက်သေပြနိုင်သည့်နေရာတစ်ခုကို ပံ့ပိုးပေးနိုင်ကြောင်း တံခါးပိတ်ကျင်းပသော စုံညီအစည်းအဝေး၌ ပြောကြားသည်ဟု ဆိုသည်။
၂၀၂၁ စစ်အာဏာသိမ်းချိန်မှစ၍ နိုင်ငံအတွင်း ဖြစ်ပေါ်နေသော လူသားချင်းစာနာမှုအကျပ်အတည်းဖြေရှင်းရေးကို တောင်ကိုရီးယားအစိုးရ၏ ပူးပေါင်းကြိုးပမ်းမှုများနှင့် ထိတွေ့မှုက အထောက်အကူဖြစ်နိုင်ကြောင်း သမ္မတရုံးက ဖော်ပြသည်။
တောင်ကိုရီးယားအစိုးရသည် ဘက်စုံပူးပေါင်းဆောင်ရွက်မှုအတွက် လိုအပ်ချက်များကို အသိအမှတ်ပြု၍ ပြီးခဲ့သည့်နှစ်က ပေးအပ်ခဲ့သော မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီ ပမာဏကို လေးဆတိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတ၏အမျိုးသားလုံခြုံရေးရုံး ပထမလက်ထောက်ညွှန်ကြားရေးမှူး ကင်မ်တေဟိုက သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
မြန်မာနိုင်ငံအတွက် တောင်ကိုရီးယား၏ လူသားချင်းစာနာမှုနှစ်စဥ်အကူအညီအဖြစ် ၂၀၂၂ တွင် ဒေါ်လာ ၅.၆ သန်း၊ ၂၀၂၃ တွင် ဒေါ်လာ ၅.၈သန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ISEAS-Yusof Ishak Institute က ကြီးမှူးကျင်းပသော ၄၇ကြိမ်မြောက်စင်ကာပူဟောပြောပွဲ၌ သမ္မတယွန်းက ယခုနှစ်မှစတင်၍ အင်ဒို-ပစိဖိတ်နိုင်ငံများ၌ ဒီမိုကရေစီမြှင့်တင်သည့် ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို တက်ကြွစွာ ပံ့ပိုးပေးမည်ဟု ကတိပြုအပြီး ရက်ပိုင်းအကြာတွင် အထက်ပါ လူသားချင်းစာနာမှုအကူအညီကို ကြေညာခဲ့ခြင်းလည်းဖြစ်သည်။
ကိုးကား – The Korea Herald