Connect with us

Hi, what are you looking for?

သတင်း

AA ၏ အမ်းနပခ ထိုးစစ်တိုက်ပွဲများပြင်းထန်​နေ

အာရက္ခတပ်တော်(AA)၏ အမ်းမြို့သိမ်းတိုက်ပွဲသည် ဗျူဟာမြောက်လွန်းပြီး စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှုများနေကာ မကြာမီ မြို့ကိုသိမ်းပိုက်နိုင်ဖွယ်ရှိသည်ဟုမြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကသုံးသပ်​ပြောကြားသည်။

AA ကအမ်းမြို့နယ်ရှိမဲ​တောင်ဗျူဟာကို​အောက်တိုဘာ ၇ ရက်တွင်းသိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ- AA Infodesk

လူအေး/People’s Spring

အာရက္ခတပ်တော်(AA)၏ အမ်းမြို့သိမ်းတိုက်ပွဲသည် ဗျူဟာမြောက်လွန်းပြီး စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှုများနေကာ မကြာမီ မြို့ကိုသိမ်းပိုက်နိုင်ဖွယ်ရှိသည်ဟုမြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကသုံးသပ်​ပြောကြားသည်။

စက်တင်ဘာလ နောက်ဆုံးပါတ်တွင် စတင်ခဲ့သည့် အမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်းများကို AAကဆက်တိုက်သိမ်းယူနေပြီး ယခုအခါ တိုက်ပွဲသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးအထိရောက်ရှိလာပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

“တကယ့်ကိုလက်တကမ်းတိုက်ပွဲဖြစ်နေပြီး AAရဲ့ ထိုးစစ်ကို စစ်ကောင်စီဘယ်လိုမှမခံနိုင်တော့ပါဘူး” ဟုအမ်းမြို့အနီးတွင် လက်ရှိ‌နေထိုင်သည့် သတင်း ရင်းမြစ်တဦးကပြောသည်။

အောက်တိုဘာလ ၂၁ ရက်က တိုက်ပွဲတွင် အမှတ် (၃၇၂ ​)​ခြေမြန်တပ်ရင်း( ခမရ၃၇၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးမောင်မောင်ချို မျက်နှာ၌ဒဏ်ရာအပြင်းထံရရှိခဲ့သည်ဟု စစ်ကောင်စီလော်ဘီလူမှုကွန်ရက်စာမျက်နှာအချို့တွင် ရေးသားဖော်ပြနေသလို အချို့ကလည်းငြင်းဆန်ထားသည်။ ဒေသခံသတင်းမြစ်ကမူ ယင်းသတင်းသည် မြေပြင်မှလည်း ကြားသိနေရ ကြောင်းပြောသည်။

“တပ်ထဲမှာဖြစ်နေတာဆိုတော့ အတိအကျတော့မပြောနိုင်ဘူး။ ဒါပေမယ့် စစ်တပ်ဘက်ကတော်တော်ကို အထိအခိုက်အကျဆုံးများတာတော့အမှန်ပဲ။ အရာရှိတွေကို ဟတ်စကီး‌တွေနဲ့ သယ်ထုတ်သွားတဲ့ သတင်းတွေရထားပါတယ်” ဟု ပြောသည်။

ရခိုင်စစ်​ရေးအ​ခြေအ​နေပြအင်ဖိုဂရပ်

အမ်းမြို့စစ်ကောင်စီစခန်းများကို AAက စက်တင်ဘာလ၂၆ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အဓိက ခံစစ်စခန်းတစ်ခုဖြစ်​သော မဲတောင်ဗျူဟာ နှင့် ရှေ့တန်းစခန်းများကိုအောက်တိုဘာလ ၆ရက်တွင်သိမ်းပိုက်ခဲ့သည်။ထိို့အပြင် ခမရ(၃၇၃) နှင့် အမြောက်ကုန်းဟု ဒေသခံများကခေါ်သည့် ကမ်းဒိတ်တောင်စခန်းကို အောက်တိုဘာလ၁၁ရက်ညနေတွင် သိမ်းယူခဲ့သည်။

ခမရ(၃၇၃)တပ်ရင်း နှင့် ကမ်းဒိတ်တောင်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်( နပခ)အနီးရှိ လေကြောင်းရန်ကာကွယ်ရေးတပ်နှင့် စစ်ဖက်ရေးရာစုံစမ်းထောက်လှမ်းရေးတပ်တွင် သွားရောက် ပူးပေါင်းကြပြီး AAက​နောက်မှ လိုက်လံတိုက်ခိုက်နိုင်ခဲ့သည်ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

“ဆက်သွယ်ရေးလိုင်းမကောင်းလို့သာ ဘာမှမသိကြတာ။ တိုက်ပွဲကတော်တော်ကြီးတယ်။ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကလည်း တော်တော်ဆိုးတယ်” ဟု ​ဒေသခံရင်းမြစ်တဦးကပြောသည်။

စစ်​ကောင်စီ ဝါဒဖြန့် တယ်လီဂရန်များက မူ ခမရ (၃၇၃ )နှင့် စရတ နားတွင်တိုက်ပွဲဖြစ်ပွားသည်မှာ မှန်​သော်လည်း နပခ အနီး ကိုက် ၁၀၀၀(မိုင်ဝက် ဝန်းကျင်)အကွာအ​ဝေး အထိတိုက်ပွဲများ​ရောက်လာသည်မှာ မဟုတ်ဘဲ ၊ နပခ နှင့်အ​ဖြောင့်တိုင်းလျင်ပင် ကိုက် ၄၀၀၀ ခန့်(၂ မိုင်​ကျော်) ကွာ​ဝေး​သေ​ကြောင်း ​ရေးသားဝါဒဖြန့်​နေကြသည်ကို​တွေ့ရသည်။

AA ကအမ်းမြို့နယ်အတွင်းတိုက်ပွဲနှင့် ပတ်သက်၍ စက်တင်ဘာလ ၂၇ရက်၌ ​နောက်ဆုံးသတင်းထုတ်ပြန်ထားပြီး ထို့နောက်ပိုင်း စခန်းသိမ်းတိုက်ပွဲများနှင့်ပတ်သက်၍သီးခြားသတင်းမထုတ်ပြန်သေးပေ။စက်တင်ဘာလ ၂၇ရက်က ထုတ်ပြန်ရာ၌ အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာအနီးတွင် စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ ၃၄၆/ ၃၇၃/ ၃၇၂တပ်ရင်းများ စုပေါင်းထားသော စစ်ကြောင်းနှင့် ၂ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အလောင်း၅ လောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ​ဖော်ပြထားသည်။ စစ်ကောင်စီတပ်သည် အထိအခိုက်အကျအဆုံးအချို့ဖြင့် နောက်ဆုတ်သွားကြောင်း အသိ​ပေးထားသည်။

အမ်း နပခ ဆိုင်းဘုတ်။ ဓါတ်ပုံ- CJ

ထို့အပြင်ရခိုင်ပြည်နယ်မှတိုက်ပွဲများနှင့်ပတ်သက်၍ အောက်တိုဘာ၂၂ရက်က သတင်းထုတ်ပြန်ထားမှုတွင် အမ်း၊ မောင်တော၊ ကျိန္တလီနှင့် တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည်ဟုသာအသိပေးထားသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်သည့်အမ်းမြို့နယ်တွင် ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ(၃၇၁)၊( ၃၇၂)၊(၃၇၃)(၃၇၄)အမြောက်တပ်ရင်း၊ အမှတ်(၂ )ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ အမှတ် ၉၄၆ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ အမှတ် ၃၄၅ စက်လက်နက်ပစ္စည်းတပ်ခွဲ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (နပခ)၊ အမှတ်၈ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၉၂၆ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ် ၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမ်းတောင်အုပ်စုတွင်အမှတ် ၇၅၇ အလုပ်ရုံတပ်ခွဲ (လျှပ်စစ်)၊ အမှတ် ၁၀ တပ်ထိန်းတပ် စသည့် အခြေစိုက်တပ်ဖွဲ့များ ရှိသည်။ ထို့အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက်ခြေမြန်တပ်ရင်း(၃၆၂)၊(၃၆၅)၊(၃၆၉)တို့ကိုလည်း စစ်ကောင်စီကထပ်မံဖြည့်တင်းထားပြီး ခုခံနေသည်ဟု ရခိုင်စစ်ရေးလေ့လာသူတစ်ဦးကဆိုသည်။

AAကကို နပခ သိမ်းပိုက်နိုင်ခဲ့ပါက စစ်ကောင်စီအတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ပြီးလျှင် ဒုတိယမြောက် ကျဆုံး​သော စစ်တိုင်းဖြစ် လာမည်ဖြစ်သည်။ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAAက ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်သည်။

AAသည် ရခိုင်ပြည်နယ်တွင် ကျောက်တော်၊မြောက်ဦး၊ မင်းပြား၊ ကမ်းထောင့်ကြီး၊မအီ၊ သံတွဲ၊ ရမ်းဗြဲ၊စနဲ၊ပေါက်တော၊ ပုဏ္ဏားကျွန်း၊ရသေ့တောင်၊ ဘူးသီးတောင်၊ တောင်ပြိုလက်ဝဲမြို့များကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

အမ်း ၊​မောင်​တော ၊ ​ဂွမြို့နယ်ရှိစစ်တပ်လက်ကျန် စခန်းများကိုလည်း AA ကထိုးစစ်ဆင်တိုက်​နေသည်။မောင်တောမြို့တွင်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့(နခခ -၅)တစ်ခုသာ ကျန်ရှိတော့ပြီး AAက အပြီးသတ်သိမ်းနိုင်ရန်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။