Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းနဲ့ အီရန် စစ်ပွဲတွေအကြောင်း ထရမ့်နဲ့ပူတင် ဖုန်းဆက်ဆွေးနွေး

အမေရိကန်နဲ့ ရုရှား သမ္မတတွေ ဖုန်းဆက်ပြီး ဆွေးနွေး စကားပြောခဲ့ကြကြောင်း ရုရှား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်နဲ့ ရုရှား သမ္မတတွေ ဖုန်းဆက်ပြီး ဆွေးနွေး စကားပြောခဲ့ကြကြောင်း ရုရှား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

ဧပြီ ၂၉ ရက်နေ့က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ ဖုန်းဆက် စကားပြောဖြစ်ခဲ့ကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်တွေ အဓိက ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေဟာ အီရန်စစ်ပွဲနဲ့ ယူကရိန်း စစ်ပွဲတို့ဖြစ်ကြောင်း ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးဖြစ်တဲ့ ယူရီ အူရှာကော့ဗ်က ပြောကြားခဲ့ပါတယ်။

အီရန်စစ်ပွဲကို အမေရိကန်က တိုက်ခိုက်နေတာဖြစ်ပြီး ရုရှားကတော့ ယူကရိန်းနဲ့ စစ်မက်ဖြစ်ပွားနေတာပါ။ သမ္မတ နှစ်ဦးရဲ့ ဖုန်းဆက် ဆွေးနွေးမှုဟာ မိနစ် ၉၀ လောက် ကြာမြင့်ခဲ့ကြောင်း၊ ပြီးတော့ အလုပ်သဘောဆန်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတာဖြစ်ကြောင်း အူရှာကော့ဗ်က ဆိုပါတယ်။

ထရမ့်ရော၊ ပူတင်တို့ပါ အီရန်နိုင်ငံနဲ့ ပါရှန်းပင်လယ်ကွေ့ ဒေသတွင်းမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်ကို အဓိက အာရုံစိုက်ခဲ့ကြတယ်လို့လည်း အူရှာကော့ဗ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အီရန်နဲ့ သီတင်းနှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲထားတဲ့ ကာလကို သက်တမ်း ထပ်တိုးခဲ့တဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်အပေါ် ပူတင်က ထောက်ခံခဲ့ပြီး အဲဒီအတွက်လည်း နောက်ဆက်တွဲ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့၊ အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့ အခွင့်အရေးတစ်ခု ရလာစေခဲ့တယ်ဆိုတာ အသိအမှတ် ပြုခဲ့ကြောင်း အူရှာကော့ဗ်က ဆိုပါတယ်။

ဒါပေမဲ့ အီရန်နဲ့ အမေရိကန်ကြားက စစ်ရေးပဋိပက္ခဟာ အီရန်ကိုသာ မကဘဲ အိမ်နီးချင်း နိုင်ငံတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းကိုပါ အကြီးအကျယ် ထိခိုက်စေခဲ့တာကို ပူတင်က ထောက်ပြခဲ့ပြီး အမေရိကန်နဲ့ အစ္စရေးတို့က နောက်တစ်ကြိမ် စစ်ရေး အစီအမံတွေ ပြန်စဖို့ စဉ်းစားမှု မှန်သမျှကို အထူးဂရုစိုက်သင့်ကြောင်း အကြံပြုခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

အခုဖုန်းခေါ်ဆိုမှုကို ရုရှားဖက်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေးအတွက် သံတမန်ရေးအရ အားထုတ်လုပ်ဆောင်မှု မှန်သမျှအတွက် ရုရှားက အကူအညီပေးဖို့ အသင့်ရှိတယ်လို့ ပူတင်က ထရမ့်ကို ကမ်းလှမ်းခဲ့ကြောင်းလည်း သိရပါတယ်။

အမေရိကန်ရဲ့ မြို့တော် ဝါရှင်တန် ဒီစီမှာတော့ ထရမ့်က သူဟာ ပူတင်နဲ့ အရမ်းကောင်းမွန်တဲ့ ဆွေးနွေးပြောဆိုမှုမျိုး ရှိခဲ့တယ်လို့ သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့်ရဲ့ အဆိုမှာတော့ သူတို့နှစ်ဦးရဲ့ စကားဝိုင်းဟာ အီရန်ကိစ္စထက် ယူကရိန်း အရေးအပေါ် ပိုပြီး စူးစိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပူတင်က အမေရိကန်နဲ့ အစ္စရေး ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲ ရပ်ဆိုင်းနိုင်ရေး ကူညီချင်တယ်လို့ ပြောခဲ့ပေမယ့် သူကတော့ ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုကို အရင်ရပ်ဖို့ တုံ့ပြန်ခဲ့ကြောင်းလည်း ထရမ့်က ဆိုပါတယ်။

အခုအခါ ၄ နှစ်ကျော် ကြာမြင့်လာပြီဖြစ်တဲ့ ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲ ရပ်တန့်နိုင်ဖို့အတွက် ထရမ့်ရဲ့ အစိုးရက ကြားဝင် စေ့စပ်ပေးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း လောလောဆယ် အီရန်စစ်ပွဲကို ဦးစားပေးနေရတာကြောင့် ယူကရိန်း ငြိမ်းချမ်းရေးအတွက် အမေရိကန်ရဲ့ အားထုတ်မှုတွေလည်း ရပ်တန့်နေပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – Getty Images

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။