ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံမိသားစုသတ်ဖြတ်ခံရမှုဖြစ်ရပ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပြီး အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးရန် ရန်ကုန်တိုင်း၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ အခြေခံပညာ CDM ပညာရေးဝန်ထမ်းများကွန်ရက်က တောင်းဆိုလိုက်သည်။
နိုဝင်ဘာ ၄ရက်က ကနီမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာဦးဝင်းဌေး၊ ဇနီး ဒေါ်ခြိမ့်ခြိမ့်သဲဝေ၊ သုံးလအရွယ် သမီးငယ် မရွှေဝတ်ရည်လွှာတို့ မိသားစု သုံးဦးသည် တပုန်းကျေးရွာနေအိမ်၌ မတရားသတ်ဖြတ်ခံခဲ့ရသည်။
ပြည်သူ့ပညာရေးလုပ်ငန်းများဦးစီးဆောင်ရွက် နေသည့် ပညာရေးCDM ဝန်ထမ်းတစ်ဦးဖြစ်သူ ဆရာဦးဝင်းဌေးအပါအဝင် မိသားစုသုံးဦး၏ မတရား လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် ရန်ကုန်တိုင်း၊ မြို့နယ်ပညာရေးဘုတ် အဖွဲ့များအပါအဝင် အခြေခံပညာ CDM ဆရာ၊ ဆရာမများက လွန်စွာထိတ်လန့် တုန်လှုပ်ကြေကွဲ ဝမ်းနည်းရကြောင်း ယင်းကွန်ရက်က နိုဝင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည်။
တော်လှန်ရေးအင်အားစုများ ထိန်းချုပ်စိုးမိုးနယ်မြေအတွင်း သုံးလအရွယ် သမီးငယ်လေး အပါအဝင် ပညာရေးဝန်ထမ်းမိသားစုအား လူမဆန်စွာသတ်ဖြတ်ခဲ့ကြသော မည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးက ဖြစ်စေ၊ မည်သည့်အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ အမိန့်ပေးစေခိုင်းသူများ၊ ပူးပေါင်းကြံစည်သူများနှင့် ကျူးလွန်သူများအား အမြန်ဆုံး ဖော်ထုတ်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအား အလေးအနက်တောင်းဆိုကြောင်း ရန်ကုန်တိုင်း၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ အခြေခံပညာ CDM ပညာရေးဝန်ထမ်းများကွန်ရက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပညာရေးဝန်ထမ်းများအား အကြမ်းဖက်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းများ အပါအဝင် မည်သို့သောအကြောင်းနှင့်မျှ လက်ခံနိုင်စရာ မရှိသည့် သတ်ဖြတ်ခြင်းမျိုးကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း၊ ဆရာဦးဝင်းဌေးမိသားစုအတွက် အမှန်တရားများ ရရှိရေးကို CDM ပညာရေးဝန်ထမ်းများအားလုံးက ကမ်ပိန်းများဖြင့်ဖြစ်စေ၊ အသိပေးလှုပ်ရှားမှုများဖြင့်ဖြစ်စေ ပူးပေါင်းဆောင်ရွက် ပေးကြရန်ရန်ကုန်တိုင်း၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့များကတိုက်တွန်းထားသည်။
အဆိုပါဖြစ်စဥ်အား အမိန့်ပေးစေခိုင်းသူများ၊ ကျူးလွန်သူများအားလုံးကို ဖော်ထုတ်၍ တရားမျှတမှုရရှိစေရန် ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပညာရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။
သတ်ဖြတ်ခံရသည့် ပညာရေးတာဝန်ခံဆရာဦးဝင်းဌေးသည် တပုန်းကျေးရွာ၌ တာဝန်ကျပြီး အိမ်ငှားနေထိုင်နေရသူဖြစ်ကြောင်း၊ ၎င်း၏သမီးငယ်မှာ အောက်တိုဘာ ၂၀ ရက်ကမှ ရက်တစ်ရာပြည့်မွေးနေ့ ပြုလုပ်ထားသည့်ကလေးငယ်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“မိသားစု သုံးဦးလုံးကို ရည်ရွယ်ချက်ရှိရှိရက်ရက်စက်စက် လုပ်ကြံသတ်သွားတာ။ လူဆိုတာဘာမှန်းမသိသေးတဲ့ အပြစ်မရှိတဲ့ကလေးကိုပါ လူမဆန်စွာလုပ်သွားကြတာ။”ဟု မုံရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဆက်သွယ်ရေးတာဝန်ခံ ကိုနေမော်က ပြောသည်။
ဦးဝင်းဌေးမိသားစု သတ်ဖြတ်ခံရသည့် တပုန်းကျေးရွာသည် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ဒေသတစ်ခုဖြစ်ပြီး ပျူစောထီးအချိူ့လည်းရှိကြောင်း ဒေသခံအချို့က ဆိုသည်။
အလားတူ ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ YRF ၏ ဗဟိုဦးဆောင်အဖွဲ့ဝင်နှင့် ဘဏ္ဍာရေးတာဝန်ခံ အသက် ၂၈ နှစ်အရွယ် ကိုသန်းထိုက် (ခ) ကိုညီညီသည် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။
တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့်ဒေသတွင် တပ်ဖွဲ့ဝင်တစ်ဦးသတ်ဖြတ်ခံရမှုသည် ကြားကာလအုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးတို့ကို စိန်ခေါ်သည့် လုပ်ရပ်ဖြစ်ပြီး အမှုမှန် ပေါ်ပေါက်ရေး အမြန်ဆုံးဖြေရှင်းပေးရန် YRF က ဩဂုတ်လကုန်ပိုင်းတွင် တောင်းဆိုထားသည်။
ဇူလိုင်လဆန်းကလည်း တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် (၁၆)နှစ်အရွယ် ဆယ်တန်းကျောင်းသား ကိုမြင့်မြတ်ဦးဆိုသူ သတ်ဖြတ်သေဆုံးခဲ့ရသည်။