ပိုင်ရှင်များထံ ပစ္စည်းများ ပြန်လည်အပ်နှံ၊ ပစ္စည်းများပြန်လည်ယူဆောင်ခွင့်ပြု
ရှိုင်း/People’s Spring
ရက္ခိုင်ပြည်နယ် ဘူးသီးတောင်မြို့အား အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်စဉ်ကာလအတွင်း ပြည်သူလူထု၏ ပစ္စည်းများအား ခိုးယူသူရာချီ ဖမ်းမိခဲ့ကြောင်း AAက ယနေ့(ဒီဇင်ဘာ ၃ရက်)ထုတ်ပြန်သည်။
ပိုင်ရှင်များထံ ပစ္စည်းများပြန်လည်အပ်နှံခဲ့သည်ဟုလည်း အသိပေးသည်။
စစ်ပွဲများကြောင့် ဖြစ်ပေါ်နေသောအခွင့်အရေးများနှင့် အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေး အစီအမံများကို ကောင်းမွန်စွာ မချထားနိုင်သေးသော အခိုက်အတန့်များကြားနှင့် ဟာကွက်များကြားမှ ဖြစ်ပေါ် နေသော အခွင့်အရေးများကို အမိအရဆုပ်ကိုင်ပြီး သူခုးများသည် မြို့အသီးသီးရှိ လူမျိုးပေါင်းစုံ၏ လူနေအိမ်များထံမှ လွယ်ကူစွာ သယ်ယူ၊ဖြုတ်ယူရရှိနိုင်သောပစ္စည်းများကို ခိုးယူသွားခြင်း၊ ဖျက်ဆီးသွားခြင်းများတွေ့ရှိရသည်ဟု ဆိုသည်။
ဘူးသီးတောင်မြို့အား အာရက္ခတပ်တော်မှ သိမ်းပိုက်ထိန်းချုပ်ထားသော ၂၀၂၄ မေလ ၁၈ရက်နောက်ပိုင်းမှစတင်ပြီး ဘူးသီးတောင်မြို့ပေါ်ရပ်ကွက်များမှ လူနေအိမ်၊ တိုက်တာ အဆောက်အအုံများအား တမင်ရည်ရွယ်ချက် ရှိရှိဖြင့် မီးရှို့ဖျက်ဆီးခဲ့သူများနှင့် သူခိုးများကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေဖမ်းဆီးခဲ့သည်ဟု AAက ထုတ်ပြန်သည်။ ထို့နောက် သက်သေခံ ပစ္စည်းများ၊ ထွက်ဆိုချက်များအပေါ် အခြေခံ၍ တရားဥပဒေ နည်းလမ်းကျကျစစ်ဆေးကာ အပြစ်ပေးအရေးယူလျက်ရှိသည်ဟု ဆိုသည်။
ရာချီသော သူခိုးများနှင့် ခိုးရာပါပစ္စည်းလက်ခံထားသူများကို မလုံခြုံရေးတပ်ဖွဲ့မှဖမ်းဆီးကာ တရားနည်းလမ်းကျကျ စစ်ဆေးပြီးနောက် အပြစ်ပေးအရေးယူထားပြီးဖြစ်ကြောင်း AAက ထုတ်ပြန်သည်။ ဖမ်းမိသူခိုးအရေအတွက်ကို အသေးစိတ် ဖော်ပြခြင်းမရှိပေ။
ဖမ်းဆီးအပြစ်ပေးထားသော သူခိုးအများစုမှာ ဘူးသီးတောင်မြို့မှ ဘင်္ဂါလီမူဆလင်များဖြစ်ကြပြီး ၎င်းတို့သည် စစ်ကောင်စီမှ သင်တန်းဆင်းထားကြသောသူများ၊ အကြမ်းဖက် မီးရှို့ဖျက်ဆီးကြသောသူများ၊ ARSA၊ RSO၊ ARAနှင့် ဆက်စပ်နေကြသောသူများဟု ဖော်ပြသည်။
ထို့အပြင် အာရက္ခဒေသ၏ စစ်ပွဲကာလများအတွင်း ဘူးသီးတောင်မြို့ပေါ်ရှိ လူမျိုးပေါင်းစုံနေအိမ်များမှ ခိုးယူသွားခြင်းခံခဲ့ရသော ပိုင်ရှင်အစစ်အမှန်များ၏ တိုင်တန်းချက်များအရ ဘူးသီးတောင်မြို့ လုံခြုံရေးတပ်ဖွဲ့မှ ရှာဖွေတွေ့ရှိခဲ့သည့် ပစ္စည်းများကို မူလပိုင်ရှင်များလက်ထဲသို့ ပြန်လည်အပ်နှံခဲ့ဟု အသိပေးသည်။
ပစ္စည်းများကို အခမ်းအနားဖြင့် အပ်နှံခဲ့ရာ နိုဝင်ဘာ ၃၀ရက်တွင် ဘူးသီးတောင်မြို့တစ် နေရာ၌ ပြုလုပ်ခဲ့ပြီး ပိုင်ရှင်အစစ်အမှန် ၃၁ဦး လက်ထဲသို့ပစ္စည်းများကို ပထမအကြိမ်အနေဖြင့် ကောင်းမွန်စွာအပ်နှံထားခဲ့ပြီးဟု ထုတ်ပြန်သည်။
တရားဥပဒေစိုးမိုးရေး နှင့် ပြည်သူ့လုံခြုံရေးဌာနမှ သိမ်းဆည်းရရှိထားသော ပိုင်ရှင်မဲ့ပစ္စည်းများကိုလည်း ပြည်သူပိုင်ပစ္စည်းအဖြစ်သတ်မှတ်ပြီး ပြည်သူများ၏ လက်ရှိ စားဝတ်နေရေးအခက်အခဲများကို ဖြေရှင်းနိုင်ရန် ယခုကဲ့သို့အခမ်းအနားမျိုးကျင်းပပြီး ပြည်သူလူထုများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
ထို့အပြင် ကျန်ရှိနေသေးသည့် အခြားသော ပစ္စည်းများကိုလည်း ပိုင်ရှင်အစစ်အမှန်များ လက်ထဲသို့ ရောက်ရှိရေးအတွက် လုံခြုံရေးအာမခံချက်ရှိသော အခြေအနေနှင့် နေ့ရက်များတွင် ဆက်လက်အပ်နှံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။