ဇူလိုင်-၁၊၂၀၂၆။ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်အတွင်းက လူနေကျေးရွာတွေအပါအဝင် နေရာလေးခုထက်မနည်းကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာသုံးစီး၊ ထောက်ပို့လေယာဉ် Y 12 တစီးတို့နဲ့ ဗုံးကြဲခဲ့တာကြောင့်ရိုဟင်ဂျာကလေးငယ်တ ဦး ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၁ ရက်နေ့ မနက်၁၁နာရီကျော်အချိန်မှာ ဘူးသီးတောင်မြို့နယ်ရှိ အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ်( စကခ ၁၅)ဟောင်းနေရာ၊ သပြုချောင်းရွာ၊ ရွာတော်ရွာနဲ့ ဝါချီးလားရိုဟင်ဂျာကျေးရွာအနီးတဝိုက်တို့ကို ဗုံးအလုံးရေ ၃၀ ကျော် ကြဲချ တိုက်ခိုက်ခဲ့တာပါ။
“လေးနေရာလောက်ကို လေယာဉ်အုပ်လိုက်နဲ့ ကြဲတာ။ခေါင်းပေါ်နိမ့်နိမ့်လေးကနေပျံနေခဲ့တယ်။ ဝါချီးလားရွာက ကောင်လေးတယောက်ဒဏ်ရာရသွားတယ်။ ဒဏ်ရာရစိုးရိမ်ရတယ်။ အဲဒီကောင်လေးက ဘောလုံးကွင်းကိုချ တဲ့အလုံးမှာ ထိသွားတာပါ” လို့ ဘူးသီးတောင်မြို့ခံတဦးက ပြောပါတယ်။

Public Service Announcement
ဒဏ်ရာရသွားတဲ့ကလေးငယ်ဟာ အသက် ၁၃ နှစ်အရွယ် မောင်ဆော်တူလာဖြစ်ပြီး ဘယ်ဘက်ပေါင်ရိုးကျိုးကာ ခန္ဓကိုယ်အနှံ့မှာလည်း ကျည်စတွေထိမှန်ခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က လည်း မောင်တောမြို့ပေါ် ဟိန္ဒူရပ်ကွက်ကို ဗုံးကြဲခဲ့ပြီး ကျောင်းသူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။ရခိုင်ပြည်နယ်စစ်တွေ၊ ကျောက်ဖြူ၊ ဧရာ၀တီတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းစစ်မျက်နှာတွေအတွင်း အထိနာနေတဲ့ စစ်တပ်ဟာအခုရက်ပိုင်းမှာရခိုင်ပြည်
နယ်အတွင်းက အရပ်ဘက်လူနေကျေးရွာတွေ၊ စာသင်ကျောင်း၊ ဘုန်းကြီး ကျောင်းစတဲ့နေရာတွေကိုပါ ဆက်တိုက်ဗုံးကြဲနေတာပါ။
ရခိုင်မှာပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကနေ ဇူလိုင် ၁ ထိ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ဂွ၊ ကျောက်ဖြူမြို့ နယ်တို့ကို လေကြောင်းကနေ အကြိမ်ရေဆယ်ချီ ဗုံးကြဲခဲ့ပြီး ကလေးငယ်အပါအဝင် အရပ်သား ၁၄ ဦးထက်မနည်း သေဆုံးကာ ၃၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
“စစ်ကောင်စီက လူနေရွာတွေကို ဗုံးကြဲနေတာဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာဖြစ် တယ်။ ဒါတွေကို နိုင်ငံတကာက အရေးပေးဖို့လိုတယ်လို့ ပြောချင်တယ်” လို့ ရခိုင်ဒေသခံ လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူတဦးကပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ စစ်တွေအပါအဝင် ရှေ့တန်းစစ်မျက်နှာတွေမှာ အထိနာနေတဲ့ အာဏာသိမ်း စစ်တပ်ဟာ တိုက်ပွဲတွေအတွင်း အထိနာတိုင်း အရပ်သားတွေကို အခုလိုဗုံးကြဲလေ့ရှိပြီး ဒါဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ရာ ရောက်တယ်လို့ AAပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။
ရခိုင်မှာ အခုနောက်ပိုင်း ဂျက်တိုက်လေယာဉ်သုံးစီး(သုံးစီးအထက်)နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်း သုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေ အရင်ကထက် ပြင်းပြင်းထန်ထန်လုပ်လာတာကြောင့် လေကြောင်းအန္တရာယ် ကို အထူးသတိထားကြဖို့ AA က အသိပေးထားပါတယ်။


















































