■စစ်သုံ့ပမ်း ၁၇၀ နီးပါးနှင့်လက်နက်ခဲယမ်းများစွာရဟု အသိပေး
■လက်ကျန်စခန်းများကို သိမ်းပိုက်နိုင်သည်အထိဆက်လက်ထိုးစစ်ဆင်မည်
ဟန်နွေ/People’s Spring
ချင်းညီနောင်စစ်ဆင်ရေး (Operation CB)အဖြစ် ဖော်ဆောင်လျက်ရှိသော မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် စစ်ကောင်စီ တပ်စွဲရာ ၁၂နေရာထက်မနည်းကို သိမ်းပိုက်ရရှိထားပြီး လက်ကျန် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ချင်းညီနောင်က အသိပေးထုတ်ပြန်သည်။
ချင်းညီနောင်အနေဖြင့် မဟာမိတ်အင်အားစုများနှင့် ပူးပေါင်း၍ နိုဝင်ဘာ ၉ရက်မှစတင်ကာဖလမ်းနှင့် မင်းတပ်မြို့သိမ်း စစ်ဆင်ရေး ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။
စစ်ဆင်ရေးအတွင်း မင်းတပ်မြို့ရှိ စစ်ကောင်စီတပ်စွဲရာ နေရာ ၇နေရာသိမ်းရပြီး စစ်သုံ့ပမ်း ၁၂၃ ဦးနှင့် စစ်ကောင်စီတပ်မိသားစုဝင်များ လက်နက်ချအညံ့ခံခဲ့သည်ဟု သိရသည်။
ဖလမ်းမြို့သိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်စွဲရာ နေရာ ၅နေရာ သိမ်းရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅ဦး လက်နက်ချခဲ့ကြောင်း အသိပေးသည်။
စစ်ကောင်စီက အဆက်မပြတ် လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြားမှ ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ၏ ရွပ်ရွပ်ချွံချွံ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် မြို့ပေါ်ရှိ စစ်ကောင်စီအခြေချစခန်းများကို တိုက်ခိုက် သိမ်းယူနိုင်ခဲ့ဟု ထုတ်ပြန်သည်။
မင်းတပ်မြို့သိမ်း စစ်ဆင်ရေးတွင် မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် စံမင်းသီရိ စေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊ ၄ မိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ကျန်ရှိနေသည့် မင်းတပ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်း နှင့် ခလရ (၂၇၄)တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား (၁၂၃) ဦး နှင့်အတူ ၎င်းတို့၏မိသားစုဝင်များပါ လက်နက်ချအညံ့ခံခဲ့ကြကြောင်း အသိပေးသည်။
ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင်လည်းစစ်ကောင်စီတပ်ဖွဲ့များ ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံး၊ ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ဆေးရုံကုန်း နေရာများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၊အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့ဝင် စုစုပေါင်း(၄၅)ဦးသည် လက်နက်ခဲယမ်းများ နှင့်အတူ လက်နက်ချခဲ့သည်ဟု ထုတ်ပြန်သည်။
ချင်းညီနောင်အနေဖြင့် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်းများကို အပြီးသတ်သိမ်းပိုက်နိုင်သည်အထိ ပြင်းပြင်းထန်ထန် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်သွားမည် ဟုလည်း ကြေညာသည်။
ထို့ပြင် မဟာမိတ်အင်အားစုများနှင့်အတူ ချင်းပြည်အတွင်း စစ်ကောင်စီကင်းစင်စေရေး၊ အကြမ်းဖက်အာဏာရှင်ကို ဆက်လက်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်သည်။
ချင်းညီနောင် တပ်ဖွဲ့ဝင်များနှင့် မဟာမိတ်တပ်များသည် ကျင်ဒွေးမြို့နှင့် မတူပီ မြို့ရှိ စစ်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်ထားသည်။