စက်တင်ဘာ-၄၊၂၀၂၆။ဇော်ရမ်း/People’s Spring
ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်နယ်စပ်ဒေသတွေဖြစ်တဲ့ငါးသိုင်းချောင်း၊ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ခဲယမ်းပေါက်ကွဲသံတွေကို မြို့ပေါ်တွေကနေကြားနေတယ်လို့ဒေသခံတွေကပြောပါတယ်။
လေကြောင်းပျံသန်းမှုနဲ့ဗုံးကြဲမှု နေ့စဉ်ရှိနေပေမယ့်စက်တင်ဘာလ၄ရက်မနက်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်နေတဲ့အသံကို ကြားနေရတယ်လို့ ငါးသိုင်းချောင်းမြို့ခံတစ်ဦးကပြောပါတယ်။
ငါးသိုင်းချောင်း၊ ရေကြည်နဲ့ သာပေါင်းမြို့နယ်တွေဟာရခိုင်ရိုးမနဲ့ ဆက်စပ်နေပါတယ်။ စစ်တပ်က ဧရာဝတီတိုင်းဘက်ကိုအင်အားတွေဖြည့်ပြီး အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်ကို စစ်ကြောင်းထိုးဖ်ို့ ကြိုးပမ်းနေလို့ တိုက်ပွဲတွေဖြစ်နေတာပါ။

Public Service Announcement
“တိုက်ပွဲကတော်တော်လေးပြင်းထန်နေတာထင်တယ်။လေယာဉ်တွေဆက်တိုက်တက်နေတယ်။ ရေဘေးက တစ်မျိုး၊ စစ်ဘေးက တစ်မျိုး။ မိုးကလည်းရွာနေတာ။ အရေးထဲမီးချောင်းကတစ်မျိုး”လို့ရေကြည်မြို့ခံတဦးကပြောပါတယ်။
ရေကြည်မြို့နယ်ထဲမှာ ရေဘေးကြုံတွေ့နေပြီးစက်တင်ဘာ ၃ ရက်ညကသရက်ပင်လှရွာမှာမီးချောင်းတစ်ကောင်တွေ့လို့ ဒေသခံတွေစိုးရိမ်နေကြတာပါ။ ငါးသိုင်းချောင်းမြို့က စားသောက်ဆိုင်တစ်ဆိုင်မှာမွေးမြူထားတဲ့မိချောင်းလွတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။ဒီအခြေအနေမှာ တိုက်ပွဲတွေဖြစ်နေပြီး ဒေသခံတွေက ပစ်ခတ်သံတွေကိုကြားနေရတာ ဖြစ်ပါတယ်။
လက်ရှိမှာရေကြည်မြို့နယ်၊မြောက်စမ်းရွာအနီးမှာရှိတဲ့ အမြောက်တပ် အမတ(၃၄၄) ပတ်ဝန်းကျင်မှာလည်းတိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါတယ်။ ဇွန်လက တိုက်ပွဲတွေထဲမှာ ရေကြည်မြို့နယ်ထဲက ပွိုင့် (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈) ကုန်နဲ့ပွိုင့် (၁၄၈) ကုန်းကို AAက သိမ်းယူပြီး ဇူလိုင်လ ၂ရက်နဲ့ ၃ရက်မှာ ၂၂၇ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်းနှစ်ခုကိုထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ AAက သတင်းထုတ်ပြန်ထားပါတယ်။
စစ်တပ်ကဂွမြို့ကိုတိုက်ခိုက်ဖို့အတွက် ရွှေသောင်ယံအပါအဝင် ဧရာဝတီတိုင်းကနယ်စပ်မြို့နယ်တွေကို အင်အားဖြည့် နေပါတယ်။ပြီးခဲ့တဲ့သြဂုတ်လ၂၇ရက်ကရွှေသောင်ယံမြို့ကိုဖြတ်သွားတဲ့ရခိုင်-ဧရာဝတီကမ်းခြေပတ်လမ်းပေါ်ကနေ စစ်ကား အစီးရေ ၅၀ နီးပါးဖြတ်သွားပြီး ရွှေသောင်ယံကမ်းခြေမှာလည်း စစ်သင်္ဘောဆယ်စီးကျော် တပ်စွဲခဲ့ပါတယ်။ အဲဒီသင်္ဘောတွေပေါ်ကနေ ဂွမြို့နယ်ဘက်ကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်နေပါတယ်။သြဂုတ်လ ၂၇ရက်နေ့မှာပဲ သာပေါင်းမြို့ဘက်ကို စစ်ကား အစီး ၄၀ ကျော် ဝင်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ကား ၁၀၀ လောက်လာတာ။ ၅၀ ကျော်က ရွှေသောင်ယံ၊၄၀ကျော်ကသာပေါင်း။ဒီရက်ပိုင်း လေယာဉ်တွေ အရမ်းပျံတယ်”လို့သာပေါင်းမြို့ခံတစ်ဦးကပြောပါတယ်။
ရခိုင်ပြည်နယ်၊ဂွ၊ကျိန္တလီနဲ့ဂျိတ်တောမြို့အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက ပင်လယ်ပြင်မှာတပ်စွဲထားတဲ့စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေ လို့ ဒေသခံပြည်သူတွေအနေနဲ့လေကြောင်း၊ ရေကြောင်းရန်ကို အထူးသတိထားကြဖို့ AAက စက်တင်ဘာလ ၃ရက်နေ့မှာအရေးပေါ် သတိပေးချက်ထုတ်ပြန်ထားပါတယ်။
ဒါအပြင် စစ်တွေမြို့အနီးမှာလည်းစက်တင်ဘာ ၄ ရက်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

















































