အိမ်သွင်/People’s Spring
ရခိုင်ပြည်နယ်၊ မောင်တောမြို့ ပင်လယ်ကမ်းခြေတနေရာတွင် ပေ ၃၀ခန့်အရှည်ရှိ ရှားပါးမျိုးစိတ်ဝင် ဝေလငါးတစ်ကောင် သောင်တင်ပြီးသေဆုံးနေကြောင်း ဒေသခံများက ပြောသည်။
သေဆုံးပြီး ပုပ်ပွနေသည့်ဝေလငါးကို ဒေသခံများက ဇန်နဝါရီ ၁ရက် နံနက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“သေတာကြာပြီ။ ပုတ်ပွနေတာကို တွေ့တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
![Public Service Announcement](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2024/04/Safer-practices_inside_psa_ads.jpg?resize=880%2C138&ssl=1)
Public Service Announcement
ဝေလငါးများသည် သေဆုံးပြီးရက်အနည်းငယ်ကြာတွင် ပုပ်ပွကာ ကိုယ်ခန္ဓာပေါက်ကွဲထွက်လေ့ရှိသည်။ ယခုတွေ့ရှိသည့်ဝေလငါးသည် ပေါက်ကွဲခြင်းမရှိသေးဘဲ တစ်ကောင်လုံး ပုပ်ပွဖောင်းပွနေသည်။
မောင်တောမြို့သည် ဘင်္ဂလားပင်လယ်အော်နှင့်ထ်ိစပ်နေသည့် ပင်လယ်ကမ်းရိုးတန်းမြို့ဖြစ်ပြီး အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ရက်ကလည်း ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်၊ မကျီးစင်အုပ်စု၊ ဂျိုင်လယ်ကျေးရွာကမ်းစပ်၌ ပေ ၄၀ခန့် အရှည်ရှိ ဝေလငါးတစ်ကောင် သောင်တင်ပြီး သေဆုံးခဲ့ဖူးသည်။နိုဝင်ဘာ ၁၅ရက်ကလည်း ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာကမ်းခြေတွင် ၁၇ပေခန့်အရှည် ဝေလငါးတစ်ကောင် သောင်တင်သေဆုံးခဲ့ဖူးသည်။
ကမ္ဘာ့အကြီးဆုံးငါးမျိုးစိတ်၌ ပါဝင်သည့် ဝေလငါးသည် ပေ ၆၀ခန့်အထိ အရှည်ရှိပြီး အန္တရာယ်မရှိသည့် ငါးမျိုးစိတ်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေနိုင်ငံတကာ အဖွဲ့အစည်းတစ်ခု ဖြစ်သည့် International Union for Conservation of Natureက ဝေလငါး အရေအတွက်သည် လွန်ခဲ့သော ၇၅ နှစ်အတွင်း ၅၀ ရာခိုင်နှုန်းကျော် လျော့ကျသွားခဲ့ပြီးကမ္ဘာတစ်ဝှမ်း မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် မျိုးစိတ်၌ စာရင်းသွင်းထားသည်။
![](https://www.ludunwayoo.com/wp-content/uploads/2024/08/banner-logo1-50px.png)