အိမ်သွင်/People’s Spring
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကြိမ်ချောင်းနှင့်တောင်ပြိုကျေးရွာကြားတွင် ခရီးသည်တင်ယာဉ်တစ်စီးအား ARSAတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်၍ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်သည်။
စေတနာ့ဝန်ထမ်းအမျိုးသမီး၊ စျေးဝယ် အမျိုးသမီး စုစုပေါင်း ၁၆ဦး လိုက်ပါလာသော ယာဉ်ကို ဒီဇင်ဘာ ၂၄ရက် ညနေ ၄နာရီ ၄၀မိနစ် တွင် ARSA တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု AAက ယနေ့ (ဒီဇင်ဘာလ ၂၆ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။
တိုက်ခိုက်သည့် ARSA တပ်ဖွဲ့တွင် ၂၅ဦးခန့် ပါဝင်သည်ဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ဒဏ်ရာရရှိသောသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း AAက ထုတ်ပြန်သည်။
ထို့အပြင် အရပ်ဘက် ပြည်သူလူထုများအား တိုက်ခိုက်ခဲ့သော ARSA အကြမ်းဖက်အဖွဲ့အား လိုက်လံရှာဖွေလျက်ရှိသည်ဟုလည်း AAက ထုတ်ပြန်သည်။
မောင်တောမြို့ကို ဒီဇင်ဘာ ၈ရက်တွင် AAက အပြီးသတ်တိုက်ခိုက်သိမ်းယူထားခြင်းဖြစ်သည်။
မောင်တောမြို့သိမ်းတိုက်ပွဲတွင် ARSA အပြင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် စစ်ကောင်စီဘက်မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု AAက ထုတ်ပြန်ထားသည်။
ထို့အပြင် မောင်တောမြို့ကို သိမ်းယူထားသည့် AAကို တိုက်ခိုက်မည်ဟု ARSAအဖွဲ့က ကြွေးကျော်သည့် ရုပ်သံဖိုင်အချို့ လူမှုကွန်ရက်၌ ထွက်ပေါ်ခဲ့သည်။