Connect with us

Hi, what are you looking for?

သတင်း

မောင်တောက AA ရဲ့စစ်သုံ့ပန်းစခန်းကို စစ်တပ်ဗုံးကြဲ ဗိုလ်ကြီးအပါအဝင် စစ်သားလေးဦးသေဆုံး

စစ်တပ်ကနှစ်ရက်ဆက် လေယာဉ်အုပ်နဲ့ဗုံးအလုံးရေခြောက်ဆယ်ကျော်ကြဲ

(စစ်တပ်ဗုံးကြဲမှု​ကြောင့် AA ရဲ့ အကျဥ်း​ထောင်အပျက်အစီး​တွေကို​တွေ့ရစဥ်။ ဓါတ်ပုံ-APM)

ဇူလိုင်-၃၊ ၂၀၂၆။ခိုင်မြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာမှာရှိတဲ့ စစ်သုံ့ပန်းစစ်သားတွေ ထားရှိရာ အကျဉ်းထောင်ကို ကျရောက်ထိမှန်ပြီး အာဏာသိမ်းစစ်တပ်မှ သုံ့ပန်းတွေဖြစ်ကြတဲ့ ဗိုလ်ကြီးအဆင့်ရှိသူတဦးအပါအဝင် လေးဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့လည်းရှိတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ကဇူလိုင်လ၂ ရက်ညနေ ၃ ကျော်အချိန်မှာ ကြိမ်ချောင်းရှိအကျဉ်းထောင်ကို ဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာဗုံး ၆ လုံး၊ ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံး ၂၇ လုံး၊ စုစုပေါင်း ဗုံးအလုံးရေ ၃၃ လုံးကြဲချခဲ့တာမှာ အကျဉ်းသားစစ်သုံ့ပန်းတွေ သေဆုံးခဲ့တာပါ။

“အကျဉ်းသားတွေသေတယ်။ အဆောင်တွေလည်း ပျက်သွားတယ်။ ဒဏ်ရာရတာတော့ နည်းနည်းရှိတယ်။ အရေ အတွက်တွေ မသိရသေးပါ” လို့ မောင်တောမြို့နယ်မှ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရခိုင်ဒေသတွင်းသတင်းတွေကို​ဖော်ပြ​ပေးနေတဲ့Arakan Princess Media သတင်းဌာနမှာလည်း ကြိမ်ချောင်းအကျဉ်းထောင်ဗုံးကြဲခံရလို့ ဗိုလ်ကြီးအပါအဝင်စစ်သုံ့ပန်းလေးဦး သေဆုံးခဲ့တယ်လို့ ရေးသားထားတာပါတယ်။

စစ်တပ်ဟာဇူလိုင်လ ၁ ရက်ညကလည်း မောင်တောမြို့ပေါ် မြို့သူကြီးရပ်ကွက်ရှိ အမှတ်(၅)နယ်ခြား စောင့်တပ်(နခခ ၅)၊ မောင်တောမြို့အနီး လေးမိုင်ရှိ နခခ( ၂ )တို့နဲ့ အနီးဝန်းကျင်းတွေကို ဂျက်ဖိုက်တာ နှစ်စီး၊ Y12 လေယာဉ်တို့နဲ့ ဗုံးကြဲခဲ့ပါသေးတယ်။

“အားလုံးကို ဖြိုကြဲနေခဲ့တာ။ ဒီနေ့လည်း ထပ်လာအုံးမလားမသိဘူး။ တမြို့လုံး လန့်နေကြတယ်။ လေယာဉ်တွေကလာရင် အုပ်လိုက်လာတော့ ပိုကြောက်ရတယ်”လို့ မောင်တောမြို့ခံတဦးက ပြောပါတယ်။

မောင်တောမြို့ဟာ ရခိုင်ပြည်နယ် မြောက်ဘက်အစွန်ဆုံးဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ဖြစ်ပြီး ကုန်သွယ်ရေးမြို့တခုလည်းဖြစ်ပါတယ်။

ရိုဟင်ဂျာအများစုနဲ့ ရခိုင်ဟိန္ဒူ၊သက္ကမ(ဒိုင်းနက်)စတဲ့လူမျိုးတို့ နေထိုင်တဲ့ ခရိုင်အဆင့်မြို့ကြီးတ မြို့ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အားလုံးနီးပါးကို လက်လွှတ်ထားရပြီဖြစ်တဲ့ စစ်တပ်ဟာ ဆေးရုံ၊ စာသင်ကျောင်း၊ အရပ်ဘက်လူနေကျေးရွာတွေနဲ့ စစ်သုံ့ပန်းစခန်းတွေကို ဦးတည် ဗုံးကြဲသတ်ဖြတ်မှုတွေကိုမကြာခဏ လုပ်နေတာပါ။ ရခိုင်မှာ စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် စစ်သုံ့ပန်း ၂၃၆ ဦးထက်နည်း သေဆုံးပြီး ၁၄၀ ထက်မနည်းဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ သတင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ မနက် ၁၁ ကျော်အချိန်ကလည်း ဘူးသီးတောင်မြို့နယ် ကြက်မောက်တောင်၊ ဝါချီးလား၊ သပြုချောင်း၊ ရွာတော်နဲ့ အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်( စကခ ၁၅) ဟောင်း နေရာတို့ကို ဂျက်ဖိုက် တာ၊ Y12 တို့နဲ့ ဗုံးကြဲခဲ့ပြီးကလေးငယ်အပါအဝင် ရိုဟင်ဂျာ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ ဧရာ၀တီတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းစစ်မျက်နှာတွေအတွင်း အထိနာနေတဲ့ စစ်တပ်ဟာ အခုရက်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်းက အရပ်ဘက်လူနေကျေးရွာတွေ၊ စာသင်ကျောင်း၊ ဘုန်းကြီး ကျောင်းစတဲ့နေရာတွေကို ဗုံးကြဲမှုတွေ ဆက်တိုက်လုပ်နေတာပါ။

ရခိုင်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကနေ ဒီနေ့ထိ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ဂွ၊ ကျောက်ဖြူမြို့ နယ်တို့ကို လေကြောင်းကနေ အကြိမ်ရေဆယ်ချီ ဗုံးကြဲခဲ့ပြီး ကလေးငယ်အပါအဝင် အရပ်သား ၁၄ ဦးထက်မနည်း သေဆုံးကာ ၃၂ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းကကျောက်ဖြူ၊စစ်တွေအပါအဝင် ရှေ့တန်းစစ်မျက်နှာတွေမှာ အထိနာနေတဲ့ အာဏာသိမ်း စစ်တပ်ဟာ တိုက်ပွဲတွေအတွင်း အထိနာတိုင်း အရပ်သားတွေကို အခုလိုဗုံးကြဲလေ့ရှိပြီး ဒါဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ရာ ရောက်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။

ရခိုင်မှာ အခုနောက်ပိုင်း ဂျက်တိုက်လေယာဉ်သုံးစီး(သုံးစီးအထက်)နဲ့ကင်းထောက်လေယာဉ်တွေ တပြိုင်တည်း သုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေ အရင်ကထက် ပြင်းပြင်းထန်ထန်လုပ်လာတာကြောင့် လေကြောင်းအန္တရာယ် ကို အထူးသတိထားကြဖို့ AA က သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဒီကနေ့( ဩဂုတ် ၁၉ ရက်) ထုတ်ပြန်ပါတယ်။

သတင်း

နောက်တန်းပြန်ဝင်ထားတဲ့ စစ်တပ်ရဲ့စစ်ကိုင်းမြို့ အခြေစိုက် တပ်မ(၃၃)ဟာ ကချင်ပြည်နယ်က ဗန်းမော်မြို့ကိုထိုးစစ်ဆင်ဖို့ဆိုပြီး မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်မှာ စုဖွဲ့မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊​ရေခါးကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ၂စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့မို့ အမျိုးသမီး ၂ဦး ထိမှန်သေဆုံးပြီး ပြည်သူ ၅ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရခိုင်တောင်ပိုင်းမှာလည်း လေယာဉ်တွေ ဝဲနေ

Facebook