ဇူလိုင်-၁၊၂၀၂၆။ခိုင်မြတ်/ People’s Spring
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့ပေါ်နဲ့ မြို့အနီးပတ်လည်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ညမှာဂျက်ဖိုက်တာ၊ ထောက်ပို့လေယာဉ် Y12 တို့နဲ့ ဗုံးအလုံးရေဆယ်ချီကြဲချခဲ့ပြီး အရပ်သားထိခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဇူလိုင်လ ၁ ရက်ညဆယ်နာရီဝန်းကျင်မှာ စစ်တပ်က ဂျက်ဖိုက်တာနှစ်စီးနဲ့ ပေါင်ငါးရာဗုံးလေးလုံး ကြဲခဲ့ပြီး ခဏအကြာမှာတော့ Y12 တစီးနဲ့ နောက်ထပ် ဂျက်လေယာဉ်တစီးထပ်ရောက်လာကာ ဗုံးအလုံးရေဆယ်ချီထပ်မံကြဲချနေတာ လို့ ဒေသခံအချို့ကပြောပါတယ်။
“အခုတောင်နှစ်ဆယ်ကျော်၊ သုံးဆယ်လောက်ရှိတော့မယ်။ အခုထိ ကြဲနေတုန်းပါ။ မြို့ပြင် နခခ ၅(အမှတ်(၅)နယ် ခြားစောင့်တပ်ဖွဲ့) နားတဝိုက်ကို ကျတယ်။ အရပ်သားတွေလည်း အထိအခိုက်ရှိနေတယ်။ အခုတော့ ဘာမှ တိတိ ကျကျမသိရသေးဘူး။ အကုန်လုံး ပုန်းနေကြရတယ်” လို့ မောင်တောမြို့ခံတဦးက ဒီနေ့ည ၁၀ နာရီ ၅၀ မိနစ်ဝန်း ကျင်မှာ ပြောပါတယ်။

Public Service Announcement
မောင်တောမြို့အပြင် ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်တွေမှာလည်း အာဏာ သိမ်းစစ်တပ်ရဲ့ ဂျက်တိုက်လေယာဉ်တွေ ဝဲနေခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ “လေယာဉ်ဝဲတယ်။ တစီးပြီး တစီး ဝဲသွားတာ။ ချတော့ မချဘူး” လို့ မြောက်ဦးမြို့မှ အမျိုးသမီးတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာဇူလိုင်လ ၁ ရက်နေ့ မနက်၁၁ကျော်အချိန်ကလည်းဘူးသီးတောင်မြို့နယ် ကြက် မောက်တောင်၊ ဝါချီးလား၊ သပြုချောင်း၊ ရွာတော်နဲ့ အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်( စကခ ၁၅) ဟောင်း နေရာတို့ကို ဂျက်ဖိုက်တာ၊ Y12 တို့နဲ့ ဗုံးကြဲခဲ့ပြီး ကလေးငယ်အပါအဝင် ရိုဟင်ဂျာ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
မောင်တောမြို့ဟာ ရခိုင်ပြည်နယ် မြောက်ဘက်အစွန်ဆုံးဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ဖြစ်ပြီး ကုန်သွယ်ရေးမြို့တခု လည်းဖြစ်ပါတယ်။ ရိုဟင်ဂျာအများစုနဲ့ ရခိုင် ဟိန္ဒူ၊ သက္ကမ(ဒိုင်းနက်)စတဲ့လူမျိုးတို့ နေထိုင်တဲ့ ခရိုင်အဆင့်မြို့ကြီးတ မြို့ဖြစ်ပါတယ်။ အာရက္ခတပ်တော်က နယ်စပ်မြို့မောင်တောကို ၂၀၂၄ ဒီဇင်ဘာလမှာ အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ် ။
ရခိုင်ပြည်နယ်က စစ်တွေမြို့၊ ကျောက်ဖြူမြို့ ၊ ဧရာ၀တီတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းစစ်မျက်နှာတွေအတွင်း အထိနာနေတဲ့ စစ်တပ်ဟာ အခုရက်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်းက အရပ်ဘက်လူနေကျေးရွာတွေ၊ စာသင်ကျောင်း၊ ဘုန်းကြီး ကျောင်းစတဲ့နေရာတွေကို ဗုံးကြဲမှုတွေ ဆက်တိုက်ကြဲနေတာပါ။
ရခိုင်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကနေ ဒီနေ့ထိ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ဂွ၊ ကျောက်ဖြူမြို့ နယ်တို့ကို လေကြောင်းကနေ အကြိမ်ရေဆယ်ချီ ဗုံးကြဲခဲ့ပြီး ကလေးငယ်အပါအဝင် အရပ်သား ၁၄ ဦးထက်မနည်း သေဆုံးကာ ၃၂ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ စစ်တွေအပါအဝင် ရှေ့တန်းစစ်မျက်နှာတွေမှာ အထိနာနေတဲ့ အာဏာသိမ်း စစ်တပ်ဟာ တိုက်ပွဲတွေအတွင်း အထိနာတိုင်း အရပ်သားတွေကို အခုလိုဗုံးကြဲလေ့ရှိပြီး ဒါဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ရာ ရောက်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။
ရခိုင်မှာ အခုနောက်ပိုင်း ဂျက်တိုက်လေယာဉ်သုံးစီး(သုံးစီးအထက်)နဲ့ကင်းထောက်လေယာဉ်တွေ တပြိုင်တည်း သုံးပြီး လေကြောင်းကနေ ဗုံးကြဲမှုတွေ အရင်ကထက် ပြင်းပြင်းထန်ထန်လုပ်လာတာကြောင့် လေကြောင်းအန္တရာယ် ကို အထူးသတိထားကြဖို့ AA က တိုက်တွန်းထားပါတယ်။


















































