Connect with us

Hi, what are you looking for?

သတင်း

နယ်စပ်ကို ဓာတ်အား ဖြန့်ဝေမှု ထိုင်းက ရပ်ဆိုင်းလိုက်ပေမယ့် ကျားဖြန့်ဂိုဏ်းတွေကို အကန့်အသတ်နဲ့သာ ထိခိုက်

မြန်မာဖက်ခြမ်းကို ဓာတ်အားထောက်ပံ့မှုတွေ ထိုင်းက ဖြတ်တောက်လိုက်ပေမယ့် နယ်စပ် အခြေစိုက် အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ တခြား ဒုစရိုက် လုပ်ငန်းတွေအပေါ် ထိခိုက်မှုက အကန့်အသတ်နဲ့သာ ရှိခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

မြန်မာဖက်ခြမ်းကို ဓာတ်အားထောက်ပံ့မှုတွေ ထိုင်းက ဖြတ်တောက်လိုက်ပေမယ့် နယ်စပ် အခြေစိုက် အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ တခြား ဒုစရိုက် လုပ်ငန်းတွေအပေါ် ထိခိုက်မှုက အကန့်အသတ်နဲ့သာ ရှိခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ထိုင်းအစိုးရဟာ ဖေဖော်ဝါရီ ၅ ရက်နေ့ကစလို့ မြန်မာဖက်ကို နယ်စပ်ဖြတ်ကျော်ပြီး ဓာတ်အား ထောက်ပံ့ထားတဲ့ နေရာ ၅ ခု စလုံးကို ဓာတ်အား ဖြတ်တောက်ခဲ့ပါတယ်။ နယ်စပ်မှာ အခြေစိုက်တဲ့ ကျားဖြန့် လုပ်ငန်းတွေက ထိုင်းနိုင်ငံသားတွေနဲ့ ထိုင်းကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအပေါ် အကြီးအကျယ် ထိခိုက် နစ်နာစေခဲ့တာကြောင့် အဲဒီ ပြဿနာကို ဓာတ်အား ရောင်းချရေးထက် ပိုအလေးထား စဉ်းစားရမယ်လို့ ထိုင်းအစိုးရက ဆုံးဖြတ်ပြီး ဓာတ်အား ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ လတ်တလောမှာတော့ ဓာတ်အား မရတော့တဲ့ ပြဿနာကို ဒေသခံ ပြည်သူလူထုက ပိုပြီး ခံစားရပြီး ကျားဖြန့်ဂိုဏ်းတွေကတော့ လုပ်ငန်း လည်ပတ်မှုတွေ ရပ်မသွားကြောင်း ဒေသခံ လူထုနဲ့ တခြား သတင်းရင်းမြစ်တွေကို ကိုးကားပြီး Bangkok Post သတင်းစာက ဖော်ပြခဲ့ပါတယ်။

ထိုင်းဟာ နယ်စပ်မြို့တွေဖြစ်တဲ့ မြဝတီ၊ ဘုရားသုံးဆူနဲ့ တာချီလိတ်တို့ကို ဓာတ်အား ဖြတ်တောက်မှု ရပ်ဆိုင်းခဲ့တာပါ။ တရုတ် အစိုးရကလည်း အဲဒီ ဧရိယာတွေမှာ အခြေစိုက်တဲ့ ကျားဖြန့် လုပ်ငန်းတွေဟာ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ပိုမို ခြိမ်းခြောက်လာနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဓာတ်အား ဖြတ်တောက်ရေး ကိစ္စကို တွန်းအားပေး တောင်းဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့လည်း မြဝတီ မြို့နယ်ထဲမှာတော့ ဆိုလာ နေစွမ်းအင်သုံး ဘက်ထရီတွေ၊ ကိုယ်ပိုင် မီးစက်တွေ အကူအညီကြောင့် ဖေဖော်ဝါရီ ၅ ရက် ညပိုင်းမှာ လုံးဝဥဿုံ ဓာတ်အား ပြတ်တောက်သွားတာမျိုး မဟုတ်ပါဘူး။ ညပိုင်းမှာ အရင်တွေ့နေကျ မီးရောင်ထိန်လင်းနေတဲ့ ဧရိယာတွေရဲ့ စုစုပေါင်း ၄၀ ရာခိုင်နှုန်းလောက်သာ မီးလင်းနေတာ တွေ့ရပါတော့တယ်။

ထိုင်းဟာ ပုံမှန်အားဖြင့် မြန်မာဖက်ကို နယ်စပ်ဖြတ်ကျော် ဓာတ်အား ရောင်းချမှုတွေကနေ တစ်နှစ် ဘတ် သန်း ၆၀၀ လောက် ဝင်ငွေ ရရှိခဲ့တာပါ။ ဒါပေမဲ့ လျှပ်စစ်ဖြန့်ချိရေး ဌာနရဲ့ စုစုပေါင်း တစ်နှစ်ဝင်ငွေ ဘတ် ၆၀၀ ဘီလီယံနဲ့ ယှဉ်ရင်တော့ အသေးအမွှား ပမာဏသာ ဖြစ်ပါတယ်။ ပြည်ထဲရေး ဝန်ကြီး အနူတင် ချန်ဗီရာကူလ်က မြန်မာဖက်ခြမ်းကို ဖြန့်ဝေတဲ့ ဓာတ်အား ၂၀ မဂ္ဂါဝပ်လောက်ကို ဖြတ်တောက်ပစ်ခဲ့တာလို့ ပြောပါတယ်။

မြန်မာဖက်က အာဏာပိုင်တွေက ထိုင်းရဲ့ ဓာတ်အား ဖြန့်ဝေမှုဟာ ကျားဖြန့်ဂိုဏ်းတွေဆီ မရောက်နိုင်ဘူး ဆိုတာကို သေသေချာချာ အာမခံချက် ပေးရင်တော့ ဓာတ်အား ပြန်လည် ဖြန့်ဖြူးပေးမယ်လို့လည်း အနူတင်က ဆိုပါတယ်။ ဒါပေမဲ့ လက်ရှိ ဓာတ်အား ဖြတ်တောက်မှုဟာ ကျားဖြန့်ဂိုဏ်းတွေကို တကယ်ပဲ အထိနာစေမှာလားဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကိုတော့ ဝန်ကြီးက မဖြေခဲ့ပါဘူး။

တာချီလိတ်မှာတော့ ဒေသသိုင်ရာ အာဏာပိုင်တွေဟာ ထိုင်းက ဓာတ်အား ဖြတ်တောက်တဲ့အချိန် လာအိုနိုင်ငံကနေ ဓာတ်အား သွယ်ယူဖို့ စတင် လုပ်ဆောင်နေပြီလို့ တာချီလိတ်နဲ့ ထိစပ်နေရာ ချင်းရိုင် ပြည်နယ် အုပ်ချုပ်ရေးမှူး ချာရင် သောင်ဆွတ်ခ်က ပြောပါတယ်။ အဲဒီ လုပ်ငန်းစဉ်ဟာ ရက်ပိုင်းအတွင်း ပြီးမြောက်လိမ့်မယ်လို့လည်း သူက ခန့်မှန်းခဲ့ပါတယ်။

ထိုင်းဟာ နယ်စပ် ကျားဖြန့်ဂိုဏ်းတွေဆီ ဓာတ်အား မရောက်ရှိရေးကို ဖိဖိစီးစီး လုပ်ဆောင်နေပြီး ကင်ချနာဘူရီမှာတော့ နယ်စပ် အာဏာပိုင်တွေက မြန်မာဖက်ခြမ်းကို ဆီနဲ့ မီးစက်တွေ တင်သွင်းနိုင်ခြင်း မရှိအောင် ကန့်သတ် တားမြစ်နေတာကို တွေ့ရပါတယ်။ ဘုရားသုံးဆူက ဖျော်ဖြေရေး စင်တာလို့ခေါ်တဲ့ နေရာတစ်ခုမှာ အလုပ်လုပ်ခဲ့တဲ့ ထိုင်းအမျိုးသမီး ၁၀ ယောက်ကတော့ ဓာတ်အား ပြတ်တောက်မှုကြောင့် သူတို့ရဲ့ အလုပ် ပိတ်သွားလို့ ဆန်ခလာ ဘူရီကို ပြန်လာခဲ့ရကြောင်း ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ပြောပါတယ်။

ဘုရားသုံးဆူမှာတော့ လူအများဟာ ဒီဇယ်ဆီတွေ အပူတပြင်း ဝယ်ယူ စုဆောင်းကြပေမယ့် စျေးတွေကတော့ တစ်လီတာကို ပုံမှန် ၃၅ ဘတ်ကနေ ဘတ် ၆၀ ထိ ခုန်တက်သွားခဲ့တယ်လို့ သိရပါတယ်။ ဘုရားသုံးဆူမှာတော့ ဒေသခံတွေဟာ ဆိုလာပြားတွေကိုလည်း အပူတပြင်း ဝယ်ယူနေကြတယ်လို့ Bangkok Postမှာ ဖော်ပြထားပါတယ်။

ဓာတ်အား ဖြတ်တောက်မှုဟာ ကျားဖြန့်ဂိုဏ်းတွေကို အဓိက ပစ်မှတ်ထား ရည်ရွယ်တာ ဖြစ်ပေမယ့် ဒေသခံ လူထုသာ မကဘဲ အစိုးရရုံးတွေ၊ ဆေးရုံတွေနဲ့ ကျောင်းတွေကိုပါ သက်ရောက် ထိခိုက်စေခဲ့ပါတယ်။ ဒေသခံတွေကတော့ တရုတ်နိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ အွန်လိုင်း လောင်းကစားရုံတွေ၊ ကျားဖြန့် အလုပ်ရုံတွေဟာ ကိုယ်ပိုင် မီးစက် အကြီးစားတွေနဲ့ လုပ်ငန်း ဆက်လက် လည်ပတ်နေတာကြောင့် ဓာတ်အား ဖြတ်တောက်တဲ့ဒဏ်ကို ဆိုးဆိုးရွားရွား မခံရဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။

ဘုရားသုံးဆူမှာတော့ ထိုင်းဖက်က ထောက်ပံ့ထားတဲ့ မိုဘိုင်းဖုန်း ကွန်ရက်တွေ ပုံမှန် အလုပ်လုပ်နေဆဲလို့လည်း သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတွေ စုပေါင်းပြီး ဖြိုခွင်းမှုတွေ ရှိနေတဲ့တိုင် ထိုင်းနဲ့ နယ်စပ်နားက မြန်မာပိုင်နက်ထဲမှာ ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ ဆက်လက် လည်ပတ်နေပြီး ဝန်ထမ်း တစ်သိန်းလောက်ထိ အလုပ်လုပ်နေဆဲလို့ ထိုင်းရဲ့ ထိပ်တန်း ရဲအရာရှိ တစ်ဥးက ပြောကြားခဲ့ပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက်ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကနေ လွတ်မြောက်လာသူ ရာနဲ့ချီတဲ့ နိုင်ငံသားတွေကိုနေရပ်ပြန်ခေါ်တဲ့အစီအစဉ်စတင်နေပြီလို့ အင်ဒိုနီးရှားကမတ်လ ၁၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

သတင်း

ပင်လယ်ကူး ခရီးသည်တင် သင်္ဘောတစ်စီးနဲ့ တိုက်မိပြီး နစ်မြုပ်ခဲ့တဲ့ ငါးဖမ်းလှေပေါ်က မြန်မာတွေ အပါအဝင် အဖွဲ့သား အားလုံးကို ဘေးကင်းကင်းနဲ့ ကယ်ဆယ်နိုင်ခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်ရှည်လများ အငြင်းပွားစရာ ကိစ္စတစ်ခု ဖြစ်ခဲ့ရာကနေ အခုအခါမှာတော့ ထိုင်းကျောင်းသူ ကျောင်းသားတွေဟာ စိတ်တိုင်းကျ ဆံပင်ပုံစံ တရားဝင် ထားခွင့်ရကြတော့မှာ ဖြစ်ပါတယ်။