ဆဏ်း/People’s Spring
အဆိုတော်ရေမွန်နှင့် Idiotsအဖွဲ့ သီချင်းများကို အကျိုးစီးပွားအနေဖြင့် အသုံးပြုမည်ဆိုပါက ခွင့်ပြုချက်တောင်းရန် ယင်းအဖွဲ့က အသိပေးလိုက်သည်။
“ကွယ်လွန်သူ Raymond (IDIOTS)ပါဝင်ရေးဖွဲ့ခဲ့သော IDIOTS သီချင်းများ နှင့် တခြားသူဆိုရန် Raymond ရေးသားခဲ့သော သီချင်းများကို ခွင့်ပြုချက်မရရှိပဲ အသုံးပြုနေသူများကို သတိပေးစာဖြစ်ပါတယ်။”ဟု Idiots အဖွဲ့က ဖေဖော်ဝါရီ ၆ ရက်တွင် ၎င်းတို့၏ပေ့ခ်ျမှ ကြေညာထားသည်။
ရေမွန်နှင့် Idiots အဖွဲ့သားများဖန်တီးထားသည့် သီချင်းများသည် ပရိသတ်များအတွက် ရည်ရွယ်ခြင်းဖြစ်သောကြောင့် အကျိုးအမြတ်မပါပါကမည်သည့် ပရိသတ်မဆို လွတ်လပ်စွာ ပြန်လည်သီဆိုနိုင်သလို ဆိုင်များတွင်ဖျော်ဖြေနေသည့် အနုပညာရှင်များကို သီဆိုခွင့်ပေးကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement
“တကယ်ခွင့်တောင်းရမယ့်သူတွေက သီချင်းကိုအသုံးပြုပြီး Monetize လုပ်လာခဲ့တဲ့အခါမျိုးပါ။ ဥပမာ ပွဲတစ်ခါဖျော်ဖြေရင် အနည်းဆုံးသိန်းဆယ်ဂဏန်း ရနေပြီး struggling artist လဲမဟုတ်ပါပဲသီချင်းကိုခွင့်မတောင်းပဲ ဖျော်ဖြေတာမျိုးတွေရယ် ၊ ခုနောက်ဆုံး “MYANMAR STAR” လို event မှာတောင် အသိအမှတ်ပြုခွင့်မတောင်းတာမျိုးကိုတော့ IDIOTS အဖွဲ့နှင့် Raymond ကျန်ရစ်သူမိသားစု မှ ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်” ဟု Idiots အဖွဲ့က အသိပေးသည်။
ထို့ကြောင့် သီချင်းအသုံးပြုလိုသူများအနေဖြင့် idiotsfamily@gmail.com သို့ တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားသည်။
Myanmar Star သီချင်းဆိုပြိုင်ပွဲတွင် ရေမွန်၏သီချင်းကို သီဆိုခဲ့သော်လည်း မိသားစုထံခွင့်တောင်းခြင်းမရှ်ိသောကြောင့် ယင်းပြိုင်ပွဲတွင် ရေမွန်၏သီချင်းများကိုအသုံးပြုခွင့် ရာသက်ပန် ခွင့်ပြုမည်မဟုတ်ကြောင်း မိခင်ဖြစ်သူ ဒေါ်ခင်မြတ်မွန်က ပြီးခဲ့သည့်ရက်က ၎င်း၏ဖေ့စ်ဘွတ်ခ်၌ ကြေညာခဲ့သည်။
“ယခု ပြိုင်ပွဲအတွက် တေးရေးသူ၏မိသားစုအားလည်း လေးစားသမှုဖြင့်ကြိုတင်ဆက်သွယ်
အသိပေး ခွင့်တောင်းခြင်းလည်း ယနေ့ထိတိုင် လုံးဝ မရှိခဲ့သေးပါ ကွယ်လွန်သူ Raymond နှင့် ကျန်ရစ်သူ ဂီတ မိသားစု အပေါ် Respect and Ethic လုံးဝမရှိဟုထင်မြင်ယူဆပါသည် “ဟု အဆိုတော်ရေမွန်၏ မိခင်ဖြစ်သူ ဒေါ်ခင်မြတ်မွန်က ရေးသားထားသည်။
ရေမွန်သည် နွေဦးတော်လှန်ရေးတွင် ပြည်သူ့ဘက်မှ ရပ်တည်ခဲ့သည့် အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၂၁ ဇွန်လတွင် လွတ်မြောက်နယ်မြေ၌ အသက်ဆုံးပါးခဲ့ရသည်။
ရေမွန်၏သီချင်းများကို တော်လှန်ရေးရဲဘော်များက ၎င်းတို့၏ အောင်ပွဲများ၊ အထိမ်းအမှတ်ပွဲများတွင် သီဆိုကြလေ့ရှိပြီး ရေမွန့်ကို သတိရကြောင်းပြောကြားလေ့ရှိသည်။
