ဟန်နွေ/People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာမြို့အနီး ဂျေယန်းစစ်ရှောင်စခန်းမှ ကလေးငယ် သုံးဦး ပျောက်ဆုံးလျက်ရှိရာ ၎င်းတို့ကို သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ယနေ့(ဖေဖော်ဝါရီ ၂၆ရက်) နံနက်တွင် ပြောသည်။
ပျောက်ဆုံးနေသည့် ကလေးငယ်များသည် အသက် (၁၀)နှစ်ဝန်းကျင်မိန်းကလေးငယ်များဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၂၅ရက်ညပိုင်း၌ ဖော်ပြခဲ့သည်။
အဆိုပါ ကလေးငယ်များသည် ဂျေယန်းမူလတန်းကျောင်း၌ တတိယတန်း တက်ရောက်နေသည့် ကလေးငယ်များဖြစ်ပြီး ဖေဖော်ဝါရီ ၂၂ရက် နံနက် ၈နာရီတွင် မုန်းဆိုင်ယန်ကျေးရွာသွားရောက်ပြီး အိမ်ပြန်မလာဘဲ ပျောက်ဆုံးနေသည်မှာ ၅ရက်ရှိပြီဟု KIAက ဖော်ပြပြီး စစ်ရှောင်စခန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မိဘများ ပူးပေါင်းပြီး ရှာဖွေနေဆဲဖြစ်သည်ဟု အသိပေးသည်။

Public Service Announcement
ပျောက်ဆုံးနေသည့် ကလေးငယ်များအား သေဆုံးလျက်ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပြပြီးဝမ်းနည်းစရာ ဖြစ်ရပ်ဟု မှတ်ချက်ပြုသည်။
” ဒီကိစ္စနဲ့ပတ်သက်ပြီး အခုအချိန်ထိတော့ တရားခံတွေကို ဖမ်းဆီးနိုင်ခြင်းတော့ မရှိသေးဘူး။ လက်ရှိကတော့ KIO အစိုးရဘက်ကရော တရုတ်ဘက်ကရော တရားခံတွေကို ဖမ်းဆီးနိုင်ဖို့ ဝိုင်းဝန်းစုံစမ်းနေနတယ်လို့ အဲဒီလောက်ပဲ သိရှိထားပါတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။
အသက်ငယ်ရွယ်သည့် ကလေးငယ်များ ဘေးကင်းလုံခြုံစေရေးအတွက် ကလေးမိဘများ အထူးသတိထားရန် လိုအပ်သကဲ့သို့ သက်ဆိုင်ရာများအနေဖြင့်လည်း လိုအပ်သည့်နေရာများ၌ စောင့်ကြည်စနစ်များ ထားရှိခြင်းအပါအဝင်လုံခြုံရေးဆိုင်ရာများကို အလေးထားရန်လိုအပ်ဟု သတင်းရင်းမြစ်က ပြောသည်။
ဂျေယန်းစစ်ရှောင်စခန်းသည် လိုင်ဇာနှင့် မိုင်အနည်းငယ်သာ ကွာဝေးပြီးမြန်မာ-တရုတ်နယ်စပ် အနီး တည်ရှိသည့် စစ်ရှောင်စခန်းဖြစ်သည်။ ၂၀၁၁ ကချင်ဒေသတကျော့ပြန်စစ်ပွဲ စတင်ကတည်းက တည်ရှိနေသည့် စစ်ရှောင်စခန်းလည်းဖြစ်သည်။


















































