မတ်-၁၉၊ ၂၀၂၅။ထားမြတ်/People’s Spring
ရန်ကုန်တိုင်းဒေသကြီးတွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အားကျပ်၉၆ဘီလီယံကျော်တန်ဖိုးရှိအိုက်စ်(မက်သ်အဖက်တမင်း) ၃ တန်ကျော်၊ ကက်တမင်း ၂၀၀ ကီလိုတို့နှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း စစ်ကောင်စီ၏မူးယစ်ဆေးဝါး အလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ(CCDAC-Myanmar)ကမတ်လ ၁၈ရက်တွင်ထုတ်ပြန်ခဲ့ရာ မူးယစ်မှောင်ခိုဂိုဏ်းကို ၀ဒေသ ပန်ဆန်းမြို့ ၌ နေထိုင်သူနှင့် ရက္ခိုင့်တပ်တော်(AA) စီးပွားရေး တာဝန်ခံတို့ကစီမံနေခြင်းဖြစ်ကြောင်း စွပ်စွဲဖော်ပြထားသည်။
မတ်လ ၆ ရက်နေ့ ည ၇ နာရီခွဲအချိန် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၄)ရပ်ကွက်၊ ဆင်ဖြူရှင်လမ်း၊ အမှတ်(၅၄၆/၅၄၇)ရှိ ဂိုဒေါင်အား သတင်းအရ ဝင်ရောက်ရှာဖွေရာသန်းလွင်၊ ဝေယျာအောင်(ခ)သားကြီး၊ သန့်ကောင်းဆက်(ခ)ပေါင်ချိန်၊ ရဲရင့်နိုင်၊ လှသန်းဦး(ခ)ရာကွတ် တို့ ၅ ဦး အား အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂ တန်၊ တိုယိုတာဟိုင်းလက်ဇ် ယာဉ်(၁)စီး၊ တိုယိုတာလန်ခရူဇာယာဉ်(၁)စီး နှင့် မာစီးရီးဘင့်ဇ်ယာဉ်(၁)စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟုစစ်ကောင်စီကဆိုသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့တွင်နေထိုင်သူ တင်မောင်ဝင်း ၏ အစီအမံဖြင့် သန်းလွင် ဆိုသူကတာဝန်ခံ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ဟု စစ်ကောင်စီဝါဒဖြန့် သတင်းစာနှင့် ရုပ်သံတွင် အကျယ်တဝင့်ဖော်ပြထားသည်။

Public Service Announcement
၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSP/UWSA) ဌာနချုပ် ပန်ဆန်းမြို့တွင် နေထိုင်သူက မူးယစ်ဂိုဏ်းကို စီမံနေကြောင်း ဖော်ပြချက်နှင့်ပတ်သက်၍ UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းအားဆက်သွယ် မေးမြန်းရာ ဦးညီရန်းက “ ကျနော်တို့ဆီမှာ တင်မောင်ဝင်းဆိုတဲ့နာမည်မရှိသလို ကြားလည်းမကြားဖူးပါ” ဟု ပြန်လည်ဖြေကြားသည်။
စစ်ကောင်စီထိန်းချုပ်ထားသည့် CCDAC Myanmar ၏ ဖော်ပြချက်တွင်သတင်းကွင်းဆက်အရ မတ်လ ၆ ရက်နေ့ ည ၉ နာရီခွဲအချိန် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ သုဓမ္မာလမ်းမကြီးတွင် ကျော်ကျော်သိန်း(ခ)ကျော်ကျော်(ခ)အသေးလေး မောင်းနှင်လာသည့် HYUNDAI BOX ယာဉ်ကိုရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂၆၅ တန် နှင့် ကက်တမင်း ၂၀၀ ကီလို ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။
စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ စိတ်ပြောင်းဆေးဝါးများကိုမလေးရှားပင်လယ်ရေပြင်သို့ ချိတ်ဆက် ပို့ဆောင်ရောင်းချရန် စီမံခန့်ခွဲ သူမှာ AA စီးပွားရေးတာဝန်ခံ ရဲဝင်း(ခ)ကျော်စိုးလင်းနှင့် ၎င်း၏ဇနီးဖြစ်သူ ရွှေကောင်းသာ စက်လှေပိုင်ရှင်မသီတာမြင့်တို့ဖြစ်ကြောင်းစွပ်စွဲဖော်ပြထားသည်။
ရဲဝင်း(ခ)ကျော်စိုးလင်းနှင့် ၎င်း၏ဇနီး မသီတာမြင့် တို့သည် တန့်ယန်း၊ တောင်ကြီး၊ မန္တလေး နှင့် ရန်ကုန်မြို့တို့တွင် မော်တော်ယာဉ်ဂိတ်များဖွင့်လှစ်၍ ၎င်းတို့ပိုင် ခရီးသည်တင်မှန်လုံယာဉ် ၁၆ စီးဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်
လျက်ရှိကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်နေသည်ဟုဆို သည်။
အဆိုပါစွပ်စွဲချက်နှင့်ပတ်သက်၍ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခထံ People’s Spring ကဆက်သွယ်မေးမြန်းရန် ကြိုးစားထားသော်လည်းအဆက်အသွယ် မရသေးပေ။
စစ်ကောင်စီ က AA ကိုယခင်ကလည်း မူးယစ်ဆေးဝါးရောင်းဝယ်သည်ဆိုသောစွပ်စွဲချက်များမကြာခဏပြုလုပ်ခဲ့ဖူးသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ် မတ်လအထိ AA နှင့် ဆက်စပ်၍ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ကိုးကြိမ်ရှိခဲ့ပြီး ကာလတန်ဖိုးကျပ် ၂၉၄ ဒသမ ၈၂ ဘီလျံခန့်ရှိခဲ့ကြောင်းစစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပြောကြားခဲ့သည်။
စစ်ကောင်စီ ၏စွပ်စွဲချက်များနှင့် ပတ်သက်၍ AAက ၂၀၂၄ ဇန်နဝါရီလတွင် ထုတ်ပြန်ရှင်းလင်းခဲ့ရာ အာဏာသိမ်းစစ်ကောင်စီ နှင့် စစ်ကောင်စီ၏ မီဒီယာများတွင် အဖွဲ့အစည်းအပေါ် မူးယစ်ဆေးဝါး အပါအဝင် အခြား ဂုဏ်သိက္ခာကျဆင်းစေမည့် စွပ်စွဲချက်များဖြင့် လုပ်ကြံပြောဆိုရေးသားနေခြင်း၊ ဝါဒဖြန့်နေခြင်းအပေါ် ပြတ်ပြတ်သားသားငြင်းပယ်ကြောင်းကြေညာခဲ့သည်။
အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ တဖြစ်လည်း မြန်မာ့တပ်မတော်သည် မိမိတို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား စစ်ရေးအရ မယှဉ်သာနိုင်သည့်အချိန်တိုင်းတွင် နိုင်ငံရေးအောက်လုံးများ၊ ညစ်လုံးများဖြင့် ၎င်းတို့ပိုင်ဆိုင်သော မီဒီယာများ၊ စစ်ကောင်စီ၏ကျောထောက်နောက်ခံရှိသော ပုံနှိပ် မီဒီယာများ၊ စစ်ကောင်စီမှ လက်သပ်မွေးထားသော မီဒီယာများမှတစ်ဆင့် မိမိတို့အဖွဲ့အစည်းအပေါ် မူးယစ်ဆေးဝါးနှင့် ဆက်နွယ်ပတ်သက်သည်ဟူသော စွပ်စွဲရေးသားချက်များကို ပြုလုပ်လေ့ရှိကြောင်း AAက ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် စစ်ကောင်စီသည် ၎င်းတို့ပြုလုပ်နေကျ လုပ်ရိုးလုပ်စဉ်ဖြစ်သော မိမိတို့အဖွဲ့အစည်းအား ဂုဏ်သိက္ခာကျဆင်းစေရန်၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်ယှက်နွယ်နေသည်ဟု နိုင်ငံတကာမှ အထင်အမြင် လွဲမှားစေရန် စသည့် နိုင်ငံရေးထိုးနှက်တိုက်ခိုက်မှုများကို ယခုလအတွင်း စစ်ကောင်စီပိုင် မီဒီယာများမှတစ်ဆင့် လုပ်ကြံသတင်းမှား ထုတ်ဝေဖြန့်ချီခြင်းများကို ခပ်စိပ်စိပ် ပြုလုပ်လာကြောင်း AAက ဖော်ပြသည်။ ထိုစဉ်ကလည်း ရက္ခိုင်ဒေသ တိုက်ပွဲများ၌ စစ်ကောင်စီတပ် အထိနာနေချိန်ဖြစ်သည်။
AAသည် ရက္ခိုင်ပြည်နယ်ရှိ ၁၄မြို့နယ်နှင့်ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တို့ကို တိုက်ခိုက်သိမ်းပိုက်ထားသကဲ့သို့ လက်ရှိတွင်လည်း စစ်တွေ၊ကျောက်ဖြူမြို့ရှိ စစ်စခန်းများ ၊ ရက္ခိုင်-ပဲခူး၊ ရက္ခိုင် – ဧရာ၀တီ နှင့် ရက္ခိုင်- မကွေး တိုင်း အစပ်ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှု စစ်ကောင်စီတပ် အထိနာပြီး အရေးပါသည့် တပ်စခန်းများဆက်တိုက် ဆုံးရှုံးနေချိန်ဖြစ်သည်။
ခေတ်အဆက်ဆက်တွင် စစ်ကောင်စီ၏ စစ်ဗိုလ်ချုပ်ကြီးများသည် မူးယစ်ဆေးဝါးနှင့် တရားမဝင်ပစ္စည်း ရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းများတွင် နောက်ကွယ်မှ အဓိကပါဝင်ပတ်သက်နေသူများဖြစ်ကြပြီး ကျဖျင် (အွန်လိုင်း ငွေကြေးလိမ်လည်မှု) ကိစ္စတွင်လည်း စစ်ကောင်စီ၏ စစ်ဗိုလ်ချုပ်ကြီးများကိုယ်တိုင် ပါဝင် ပတ်သက်နေကြောင်း၊ ကျဖျင်လုပ်ငန်းလုပ်ကိုင်သူများကို အကာအကွယ်ပေးထားသည်မှာ ကမ္ဘာသိပင်ဖြစ်ကြောင်း AAကလည်း ၂၀၂၄ ခုနှစ်တွင် ထုတ်ပြန်ထားသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်၏ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သဘောထားမှာ လူသား မျိုးနွယ်စုအား ကောင်းကျိုးမပေးသော မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းဝယ်ခြင်းများကို မိမိတို့ အဖွဲ့အစည်းအနေဖြင့် မည်သည့်အခါမှ ပြုလုပ်လိမ့်မည်မဟုတ်သည့်အပြင် အားပေးနေလိမ့်မည်လည်း မဟုတ်ကြောင်း AAထုတ်ပြန်ခဲ့ပြီး AA ထိန်းချုပ်နယ်မြေများ၊ နယ်စပ်များတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အချိန်တစ်ခုတွင် တိုက်ဖျက် သွားရန် လျာတားထားကြောင်း အသိပေးသည်။ ထို့ပြင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်း ဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း AAကထုတ်ပြန်ထားသည်။
AA တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြင့်နိုင်ကလည်း၂၀၂၄ စက်တင်ဘာလက ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးတွင် စစ်တပ်သည် AA ကို အစဥ်အဆက် မဟုတ်မမှန်ပြော၍ သိက္ခာချရန်ကကြိုးပမ်းလေ့ရှိကြောင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့ကို အိမ်နီးချင်းတွေဆီမှာ ယုံကြည်မှုတည်ဆောက်လို့မရအောင်တရုတ်ကိုဖြစ်ဖြစ် ၊အိန္ဒိယကိုဖြစ်ဖြစ် ၊နိုင်ငံအလိုက် သိက္ခာချပြီးမှမပေါင်းသင်းအောင် ဂုန်းချောတာပေါ့ ။
တရုတ်ဘက်ကို သွားပြီးမှ AA ဆိုလို့ရှိရင် အမေရီကန်တွေဆီက လက်နက်တွေရတယ် ၊ ပြီးမှ အိန္ဒိယဆီရောက်သွားပြီဆိုရင် ကျွန်တော်တို့ကို အိမ်နီးချင်းနိုင်ငံတွေ ကရန်သူလိုမြင်လာအောင်သံသယတွေရှိလာအောင် အမျိုးမျိုးတွေ လျှောက်ပြောတယ်လေ ။တရုတ်ကို သွားပြီးဆိုရင် ဒါက အမေရီကန်က မွေးထားတဲ့လူဖြစ်တယ် ထိုင်းနယ်စပ်ကနေလက်နက်အကောင်းတွေရပြီးမှ ဒီကောင်တွေ တိုက်နေတဲ့သူဖြစ်တယ်။ ပြီးမှ ထိုင်းကိုသွားပြီးမှ အမေရီကန်သံရုံးတို့သံတမန်တွေ ၊ဗီယက်နမ်တွေနဲ့ တွေ့ပြီ ဆိုရင်လည်းပဲ ဒီကောင်တွေ(AA)က တရုတ် ကမွေးထားတဲ့လူတွေဖြစ်တယ် တရုတ်ရဲ့လွမ်းမိုးမှု ကာကွယ်ဖို့ ခင်ဗျားရဲ့အကူအညီယူရမယ်။ ပြီးမှ DEA တို့ မူးယစ်ကလူတွေ တွေ့ပြီးမှ ဒီမူးယစ်ငွေတွေနဲ့စစ်တိုက်နေတာဖြစ်တယ် ။ခင်ဗျားတို့ဆီက နည်းပညာ နဲ့ ရန်ပုံငွေ ကူညီပါ ဆိုပြီးမှသူက အဲဒီလိုမျိုးပြောတယ် ။ပြီးရင် ခဏနေရင် အိန္ဒိယကို သွားပြီးမှ ဒါတရုတ်က မွေးထားတဲ့ အဖွဲ့တွေ မင်းတို့ နယ်စပ်ကို ရောက်နေပြီ ဒီကောင်တွေ ရောက်ရင် အန္တရာယ်ရှိတယ်။ သူတို့ကို ရှင်းဖို့ ကူညီပါ “ဟု AA စစ်ဦးစီးချုပ်က စစ်တပ်၏အစဥ်အဆက် လုပ်နည်းလုပ်ဟန်ကိုရှင်းလင်းပြောကြားခဲ့သည်။
