နိုဝင်ဘာ – ၁၅ ၊၂၀၂၆
မြန်မာ့အရေးမှာ အာဆီယံကချမှတ်ထားတဲ့ဘုံသဘောတူညီချက်ငါးရပ်ကို ဆက်လက်ကျင့်သုံးသွားမှာဖြစ်သလို မြေပြင်အခြေအနေ တွေနဲ့ကိုက်ညီပြီးလက်တွေ့ကျတဲ့ဆွေးနွေးမှုတွေကတဆင့် အဖြေရှာဖို့လိုအပ်နေတယ်ဆိုတာကိုအာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာကပြောကြားလိုက်ပါတယ်။
ဒီနေ့ (နိုဝင်ဘာ ၁၅ ရက်)မှာကျင်းပတဲ့ (၄၉)ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာ ဖိလစ်ပိုင်သမ္မတ က မြန်မာ့အရေးနဲ့ပတ်သက်ပြီးထည့်သွင်းပြောခဲ့တာပါ။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သူက ဘုံသဘောတူညီချက်ငါးရပ်ကို ဆက်လက်ကိုင်စွဲသွားမယ်ဆိုတာကို ထပ်လောင်းအတည်ပြုတာပါ။

Public Service Announcement
ဒါပေမယ့် ငါးနှစ်တာကာလဖြတ်သန်းလာခဲ့ပြီးနောက်မှာ မြန်မာနိုင်ငံအတွက်ဘာတွေလုပ်ဆောင်ပေးနိုင်မလဲဆိုတာကိုအာဆီယံအနေနဲ့ ပြန်လည်မေးခွန်းထုတ်ဖို့လိုအပ်နေပြီလို့လည်း ဖိလစ်ပိုင်သမ္မတကပြောပါတယ်။
လက်ရှိကျင်းပနေတဲ့အာဆီယံထ်ိပ်သီးအစည်းအဝေးကနေဘုံသဘောတူညီချက်ငါးရပ်ကိုထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်ဖို့ လက် တွေ့ကျတဲ့ဆွေးနွေးမှုတွေပေါ်ထွက်လာဖို့ကိုလည်း မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။
ထိပ်သီးအစည်းအဝေးရဲ့ဆွေးနွေးမှုတွေကတဆင့် မြေပြင်အခြေအနေတွေနဲ့ ကိုက်ညီပြီးမြန်မာ့အရေးကိုဖြေရှင်းရာမှာမြန်မာနိုင်ငံကိုယ်တိုင်ဦးဆောင်နိုင်မယ့် လုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေနိုင်ဖို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ဖိလစ်ပိုင်သမ္မတ က မျှော်လင့်ထားပါတယ်။
တဆက်တည်းမှာမြန်မာဟာအာဆီယံရဲ့အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တယ်ဆိုတာကို ထပ်မံ အသိပေးသွားပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို အာဏာသိမ်းမြန်မာစစ်အုပ်စုခေါင်းဆောင်ပိုင်းတွေ တက်ခွင့်မရဘဲ စစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာညွှန်ကြားရေးမှုးချုပ်အဆင့်က တက်ရောက်နေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ တကျော့ပြန်အာဏာသိမ်းမှုအပြီးဖြစ်ပေါ်လာတဲ့ အကျပ်အတည်း ၊ပဋိပက္ခတွေကိုဖြေရှင်းဖို့အတွက် အာဏာသိမ်းပြီး နှစ်လကျော်အကြာမှာပဲ အာဆီယံခေါင်းဆောင်တွေက အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်ကို အင်ဒိုနီးရှားဆီ ခေါ်ကာ အစည်းအဝေးပြုလုပ်ပြီး ဘုံသဘောတူညီချက် ငါးရပ်ကို ချမှတ်ခဲ့ပါတယ်။
ဒါပေမယ့် အဲဒီသဘောတူညီချက်တွေကို ထိပ်သီးအစည်းအဝေးမှာ အတည်ပြုခဲ့တာမဟုတ်ဘဲ အစည်းအဝေးအပြီးမှာ ထွက်ပေါ်လာတာလို့ အာဏာသိမ်းမြန်မာစစ်အုပ်စုကအကြောင်းပြထားပါတယ်။
သဘောတူညီချက်တွေထဲမှာ တော့အကြမ်းဖက်မှုတွေချက်ချင်းရပ်တန်ဖို့ ၊ ပဋိပက္ခတွေကိုအဖြေရှားဖို့အတွက် သက်ဆိုင်ရာ အင်အားစုတွေ တွေ့ဆုံဆွေးနွေးဖို့ ၊ အဲဒီလိုတွေ့ဆုံဆွေးနွေးမှုတွေဖြစ်ပေါ်အောင် အာဆီယံရဲ့အထူးကိုယ်စားလှယ်က ကြားဝင်ကူညီပေးဖို့ ၊ လူသားချင်းစာနာထောက် ထားမှုအကူအညီတွေကို အာဆီယံကလွတ်လွတ်လပ်လပ်ပေးနိုင်ဖို့နဲ့ အာဆီယံရဲ့အထူးကိုယ်စားလှယ်ကို သက်ဆိုင်တဲ့အစုအဖွဲ့တွေနဲ့ ပေးတွေ့ဖို့ အချက်တွေပါဝင်ပါတယ်။
အဲဒီသဘောတူညီချက်တွေကို အကောင်အထည်မဖော်တာကြောင့် ထပ်သီးအစည်းအဝေးမှာအာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်တွေကိုတက်ရောက်ခွင့် အာဆီယံက ပိတ်ပင်ထားတာ ငါးနှစ်ကျော်လာပါပြီ။
ကိုးကား – PNA





















































